သက်တံ့
၇. ၅. ၂၀၂၆
ပြီးခဲ့သည့်နှစ် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့ပြီး အိမ်ခြေသောင်းနှင့်ချီ ပျက်စီးခဲ့သဖြင့် ပျက်စီးနေအိမ်များ ပြန်လည်ပြုပြင်ရန် နိုင်ငံတော်က ကျပ်ဘီလျံရာချီထောက်ပံ့ပေးနေသည့် ထောက်ပံ့ငွေများမှာ အောက်ခြေတွင် မသမာမှုများစွာဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှဆွေက ဆိုသည်။
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးနေအိမ်များကို ပျက်စီးမှုစာရင်းအလိုက် နိုင်ငံတော်က သိန်းရာချီထောက်ပံ့ပေးနေသဖြင့် အုတ်တစ်လုံးပြို၊ နံရံအက်သည်ကိုပင် ပျက်စီးစာရင်းထည့်ကာ အိမ်ရှင်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က တစ်ဝက်စီခွဲယူနေကြသည်ကို တွေ့ရသဖြင့် လွှတ်တော်အမတ်များ မြေပြင်ဆင်း၍ လေ့လာရန်လည်း ဦးလှဆွေက တိုက်တွန်းသည်။
“လွှတ်တော်အမတ်တွေ စာရွက်ကြီးပဲ ကြည့်မနေနဲ့။ မြေပြင် ဆင်းကြည့်ကြဦး။ အခု နိုင်ငံတော်က ငလျင်ထောက်ပံ့ကြေး မသမာမှုတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ အုတ်တစ်လုံးပြို၊ နံရံကွဲအက်တာနဲ့ ပျက်စီးစာရင်းထဲထည့်ထားတာကို တွေ့ရပါတယ်။ အိမ်တစ်ရာမှာ ဆယ်အိမ်လောက်သာ တကယ်ပျက်စီးတာကို တွေ့ခဲ့ရပါတယ်။ ပျက်စီးသွားတဲ့အိမ် ဘိလပ်အိတ်တစ်ရာချပေးရင် ရွာအုပ်ချုပ်ရေးမှုးက ၅၀ ရာခိုင်နှုန်း၊ အိမ်ရှင် ၅၀ ရာခိုင်နှုန်း ခွဲယူနေကြတယ်။ ပိုက်ဆံလည်း ထို့နည်းတူပါဘဲ။ တကယ်ပျက်စီးတဲ့အိမ်တောင် အုတ်နဲ့ ထရံကာ ခွဲထားသေးတယ်ဗျာ။ ထရံအိမ်ပျက်စီးရင် ဘိလပ်မပေးဘူးတဲ့ဗျာ အုတ်ကြီးတွေကို ကိုင်ဖို့လိုနေပြီ”ဟု ဦးလှဆွေက ဖွင့်ဟသည်။
နိုင်ငံတော်အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူတစ်ဦးလျင် ကျပ်ဆယ်သိန်း၊ ပြည်သူလူထု အိမ်ရာပျက်စီးမှုများအတွက် ငွေနှင့်ပြန်လည် တည်ဆောက်ရေးပစ္စည်း ငွေကျပ် ဘီလျံ ၁၆၀၀ ကျော်နှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ ရုံးဌာနများ၊ ဝန်ထမ်းအိမ်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အအုံများ အပါအဝင် အခြေခံ အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြင်ဆင် မွမ်းမံရန်နှင့် အသစ်ပြန်လည်တည်ဆောက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် ၃၄၂၁ ဒသမ ၉၇၅ ဘီလီယံကျော်ဖြင့် ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း ကျပ်ဘီလျံ ၅၀၀၀ ကျော် ထောက်ပံ့ပေးထားသည်ဟု သိရသည်။




