၇.၅.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်မင်းသမီး ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ မနက်ဖြန် မေလ ၈ ရက်နေ့မှာကျရောက်မယ့် မွေးနေ့အကြိုအနေနဲ့ ကျေးဇူးရှိခဲ့ဖူးသူတွေနဲ့ ပရိသတ်တွေဟာ တန်ဖိုးထားချစ်မြတ်နိုးရတဲ့ ကျေးဇူးရှင်တွေပါလို့ ဖွင့်ဟလာပါတယ်။
“မွေးနေ့အကြိုလေးမှာ ကျွန်မဘဝအတွက် ကျေးဇူးရှိခဲ့ဖူးသူမှန်သမျှနဲ့ ကျွန်မအနုပညာလောကထဲ စတင်ဝင်ရောက်တဲ့ အချိန်ကစလို့ပေါ့။ တစ်သက်တာလုံး ခုချိန်ထိဘာပဲဖြစ်ဖြစ် ချစ်ပေးနေကြတဲ့ ကျွန်မဘဝကို ကယ်တင်ပေးနေတဲ့ ကျေးဇူးအများဆုံး ချစ်ပရိသတ်အားလုံးကို ကျွန်မကန်တော့လိုက်ပါတယ်ရှင်။ ကျွန်မ မသေဆုံးချိန်ထိ ရင်ထဲက လေးလေးနက်နက်ချစ်ပါတယ်။ တန်ဖိုးထားပါတယ်။ အားလုံးဟာ ကျွန်မရဲ့ကျေးဇူးရှင်တွေပါပဲ။ အားလုံးကိုလည်း အမြဲမေတ္တာပို့သပါတယ်ရှင်။ အရမ်းချစ်တယ်နော်” လို့ အကယ်ဒမီထက်ထက်မိုးဦးက ပရိသတ်ကို ဖွင့်ဟလာပါတယ်။
သူမကတော့ မွေးနေ့အကြိုအနေနဲ့ သားအမိနှစ်ယောက် ချစ်စရာအလှဓာတ်ပုံလေးတွေ ရိုက်ကူးပြီး ပရိသတ်ကိုချပြလာပါတယ်။
ထက်ထက်မိုးဦးရဲ့ မွေးနေ့မှာ အကယ်ဒမီများရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ခန့်စည်သူ၊ အဆိုတော် ဖြိုးပြည့်စုံ၊ ချစ်ဇွဲသာ တို့နဲ့အတူ တွေ့ဆုံရင်းပျော်ပျော်ပါးပါး အမှတ်တရများစွာဖန်တီးသွားမယ်လို့ သိရပါတယ်။
သူမကတော့ ၁၉၉၆ ခုနှစ်က ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု၊ ၂၀၀၁ ခုနှစ်က သမီးမိုက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆုကိုရရှိခဲ့သူပါ။
တစ်ဦးတည်းသောသမီးလေး စစ်လွန်းဝတီထက်ကလည်း အသက် ၁၅ နှစ်အရွယ်ကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။
