သက်တံ့
၇. ၅. ၂၀၂၆
တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်ရှိ စွန့်စားမှုအပန်းဖြေဥယျာဉ်တစ်ခုတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ရေတံခွန်အလှကြည့် ချောက်ကမ်းပါးဒန်းလွှဲ (Waterfall Cliff Swing) စီးနင်းစဥ် ဘေးကင်းလုံခြုံရေးကြိုး ပြုတ်ထွက်သွားမှုကြောင့် ၁၆၈ မီတာအမြင့်ရှိ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျကာ သေဆုံးသွားသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု မေလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ မျိုးရိုးအမည် လျူ (Liu) ဟု သိရသည့် သေဆုံးသူ အမျိုးသမီးငယ်သည် ဒန်းလွှဲကို လွှတ်မချမီကပင် သူမ၏ ဘေးကင်းလုံခြုံရေးကြိုးမှာ လုံခြုံမှုမရှိသည်ကို သတိထားမိပြီး “ကြိုးက သေချာမချည်ထားဘူး၊ မမြဲဘူး!” ဟု အကြိမ်ကြိမ် အော်ဟစ်သတိပေးနေသည်ကို တွေ့ရသည်။ သို့သော်လည်း အပန်းဖြေဥယျာဉ်မှ ဝန်ထမ်းများသည် ၎င်း၏စိုးရိမ်မှုကို ဂရုမစိုက်ဘဲ ဒန်းလွှဲကို ချောက်ကမ်းပါးထဲသို့ တွန်းလွှတ်ခဲ့ကြသည်။
ဒန်းလွှဲစတင်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် လျူ၏ ဘေးကင်းလုံခြုံရေးကြိုးမှာ ပြုတ်ထွက်သွားခဲ့ပြီး ချောက်ကမ်းပါးထဲသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့သည်။ အခင်းဖြစ်ပွားရာ ဟွာရင်မြို့ရှိ မာယုရန် (သို့မဟုတ် မာလီယုရန်) စွန့်စားမှုဥယျာဉ်ရှိ အဆိုပါ ရေတံခွန်မှာ ၁၆၈ မီတာ (ပေ ၅၅၀ ခန့်) မြင့်မားသည်။ လျူသည် ပြုတ်ကျပြီးနောက် ကနဦးတွင် အသက်ရှင်လျက် ရှိနေသေးသော်လည်း ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ပင် သေဆုံးသွားခဲ့ကြောင်း ဟွာရင်အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုခဲ့သည်။
အဆိုပါ ဒန်းလွှဲကစားနည်းကို Chongqing Adventure Camp အမည်ရှိ ပြင်ပစွန့်စားမှုကုမ္ပဏီတစ်ခုက တာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်သည်။ အာဏာပိုင်များက ဤဖြစ်ရပ်ကို “လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး တာဝန်ပျက်ကွက်မှု” (Production Safety Responsibility Accident) အဖြစ် ပဏာမသတ်မှတ်ထားပြီး သက်ဆိုင်ရာကုမ္ပဏီနှင့် တာဝန်ရှိသူများကို ဥပဒေအရ အမှုဖွင့်စုံစမ်းစစ်ဆေးနေသည်။
လတ်တလောတွင် အဆိုပါ အပန်းဖြေဥယျာဉ်ကို စက်ပစ္စည်းများ ပြန်လည်စစ်ဆေးရန်နှင့် ပြုပြင်တည့်မတ်မှုများပြုလုပ်ရန် မေလ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားသည်။ ဒေသခံအရာရှိများ၏ ပြောကြားချက်အရ ဥယျာဉ်လုပ်ငန်းရှင်ဘက်မှ သေဆုံးသူမိသားစုနှင့် လျော်ကြေးကိစ္စရပ်များကို သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ဤဖြစ်ရပ်သည် တရုတ်နိုင်ငံရှိ စွန့်စားမှုကစားနည်းများ၏ ဘေးကင်းလုံခြုံမှုစံနှုန်းများနှင့် ပတ်သက်၍ လူထုအတွင်း ဝေဖန်မှုများနှင့် စိုးရိမ်မှုများကို ပြင်းထန်စွာ မြင့်တက်စေခဲ့သည်။
Ref: Chosun Daily, Metro & China Daily
