၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ စီမံဆောင်ရွက်လျက်ရှိသည့် ပြင်ဦးလွင်ဘူတာအနီးတွင်ကြယ်သုံးပွင့် (3 Star) အဆင့်ရှိ မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့်နေရာသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ယမန်နေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
တည်ဆောက်မည့် အဆောက်အအုံသည် အဆင့်မြင့်လေးထပ်အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်း အဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့်လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့်ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားပြီး စီမံကိန်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင် မီးရထားရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့် မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
