၁၂.၁၂.၂၀၂၅
Written by Hey Mar
ထိုင်းနိုင်ငံစည်ပင်ဌာနက အမှိုက်သိမ်းယာဉ်မှာ ဒီနေ့မနက် အစောပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး အလုပ်လုပ်နေရင်း ကားတစ်စီး နောက်ကနေဝင်တိုက်တာကြောင့် ခန္ဓာကိုယ် ပြတ်ထွက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေပြောင်းလုပ်သားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Worker Alliance Group ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ လယောင်မြို့နယ်ရှိ စည်ပင်ဌာနက အမှိုက်သိမ်းယာဉ်မှာ ညဆိုင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း- MOU အလုပ်သမား ကိုမောင်မောင်ဟာ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ၊ မနက် ၅ နာရီအချိန်ဝန်းကျင်ခန့်မှာ အလုပ်ချိန်အတွင်း အလုပ်လုပ်နေရင်း အမှိုက်သိမ်းယာဉ်ထဲကို အမှိုက်တွေထည့်နေစဉ် ကားတစ်စီးက နောက်ကနေ အရှိန်ပြင်းထန်စွာဝင်တိုက်မိရာမှ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။



သေဆုံးသူ ကိုမောင်မောင်က မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစု၊ စီမံကိန်း (၅)လမ်းမှာ နေထိုင်ခဲ့သူဖြစ်ပြီး ဇနီးနဲ့ သား၊ သမီး နှစ်ဦးကျန်ရစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာ သေဆုံးသူရဲ့အရုပ်လောင်းကို လယောင်မြို့ဆေးရုံကြီးမှာ တာဝန်ရှိသူတွေက စစ်ဆေးနေပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေက သေမှုသေခင်းနဲ့ ပတ်သက်ပြီး သိရှိနာလည်ခြင်းမရှိလို့ဆိုကာ WAG ထံ နစ်နာမှုမရှိစေရေး အကူအညီပေးနိုင်ဖို့ တောင်းဆိုလာတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ နစ်နာဆုံးရှုံးမှုအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးပြန်လည်ရရှိဖို့ လာရောက်ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာတာကြောင့် ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ WAG အဖွဲ့သားတွေက အခင်းဖြစ်တဲ့နေရာဆီ သွားရောက်ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
