၁၂.၁၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအစိုးရရဲ့ တရားဝင်ဂျာနယ်ဖြစ်တဲ့ Royal Gazette ဂျာနယ်က လွှတ်တော်ကို ဖျက်သိမ်းတယ်လို့ ကြေညာတဲ့ တော်ဝင်အမိန့်တော်တစ်ရပ်ကို ဒီဇင်ဘာလ ၁၂ ရက်က ဖော်ပြခဲ့ပြီး ဒီအမိန့်အရ ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ လမ်းကြောင်းကို ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် အနျူတင် ချန်ဗီရာကူးလ်ဟာ ကြာသပတေးနေ့မှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ဘုရင်မင်းမြတ်က ခွင့်ပြုချက်အမိန့် တောင်းခံမှုကို ဒီဇင်ဘာလ ၁၂ ရက်မှာ တင်သွင်းခဲ့ပြီး ထိုနေ့မှာပဲ ဘုရင်မင်းမြတ်က ခွင့်ပြုချက် ပေးခဲ့တာပါ။
အမိန့်အရ ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ စတင်တာဝန်ယူခဲ့တဲ့ အစိုးရဟာ နိုင်ငံရေးပါတီများစွာပါဝင် ဖွဲ့စည်းထားသော်လည်း လွှတ်တော်မှာ အများစုမပါဝင်ဘဲ လူနည်းစုအစိုးရအဖြစ်သာ လည်ပတ်နေတယ်လို့ ထိုင်းဘုရင်မင်းမြတ်ကို အသိပေးခဲ့ပါတယ်။
သူ့ရဲ့ ရာထူးသက်တမ်းဟာ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး မရေမရာမှုတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးမှာ အပြောင်းအလဲတွေအပြင် ထိုင်း – ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေ အပါအဝင် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ တိုက်ဆိုင်နေပါတယ်။
ဒီလို အကန့်အသတ်တွေ ရှိနေပေမယ့် ထိုင်းအစိုးရဟာအရေးပေါ်အမျိုးသားရေးပြဿနာတွေကို ဖြေရှင်းဖို့၊တည်ငြိမ်မှုနဲ့ အများပြည်သူအစီအစဉ်တွေကိုပြန်လည်ထူထောင်ဖို့နဲ့ ပြည်သူ့အကျိုးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်ရရှိဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှုတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွေအတွက် တွန်းအားပေးတာနဲ့ အရေးကြီးတဲ့စီးပွားရေး ပြဿနာတွေကို ဖြေရှင်းတာတွေ ပါဝင်ပါတယ်။
ဒါပေမယ့် အမိန့်မှာ တည်ငြိမ်သောနိုင်ငံရေးအခြေအနေတွေက ထိရောက်သောအုပ်ချုပ်မှုကိုရရှိစေဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါက အစိုးရအနေနဲ့လည်း ပြည်သူလူထုထံမှလုပ်ပိုင်ခွင့် အသစ်ရယူဖို့ လိုအပ်တယ်လို့ ယူဆခဲ့ပုံရပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းတာက အထွေထွေ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်စေပြီး ပြည်သူလူထုထံ နိုင်ငံရေးအာဏာပြန်လည်ရရှိစေဖို့ ပြန်လည်အပ်နှင်းစေနိုင်မယ့် သင့်လျော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
တော်ဝင်အမိန့်က Royal Gazette မှာ ထုတ်ဝေဖော်ပြတဲ့နေ့မှစလို့ အသက်ဝင်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားတဲ့ရက်မှာ အထွေထွေ ရွေးကောက်ပွဲအသစ်ကို ကျင်းပမှာဖြစ်ပြီး အမိန့်အာဏာအာဏာသက်ရောက်သည့်နေ့မှ ၄၅ ရက်ထက်မလျော့ဘဲ ၆၀ ရက်ထက်မပိုတဲ့နေ့ ဖြစ်ရမှာပါ။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ဝန်ကြီးချုပ် အနျူတင်က ရွေးကောက်ပွဲကျင်းပ အကောင်အထည်ဖော်ဖို့ လက်မှတ်ရေးထိုးထားသော အမိန့်နဲ့ တာဝန်ပေးအပ်ခံရပါတယ်။
မစ္စတာအနျူတင်က ဒီဇင်ဘာလ ၁၁ ရက်ညမှာ လွှတ်တော်ကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ ည ၁၀ နာရီကျော်ပြီး မကြာခင်မှာပဲ သူ့ရဲ့ Facebook စာမျက်နှာမှာ “ပြည်သူ့ထံအာဏာပြန်အပ်နေပြီ” လို့ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ကြေညာချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပူးတွဲ လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ပူးတွဲလွှတ်တော်အစည်းအဝေး မှာ ပူးတွဲလွှတ်တော်အမတ်အများစုက ထောက်ခံမဲပေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို အတည်ပြုနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ အနည်းဆုံး အထက်လွှတ်တော်အမတ် သုံးပုံတစ်ပုံ က မဲခွဲဆုံးဖြတ်မှုမှာမဲပေးရမှာပါ။
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီ (PP) က ချမှတ်ထားတဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး မစ္စတာ အနျူတင်ရဲ့ လူနည်းစုအစိုးရကို ထောက်ခံမှုနဲ့ အလဲအလှယ်တစ် ရပ်ဖြစ်ပါတယ်။
Ref- Bangkok Post
.
