◾️ နှစ်ပတ်အတွင်း ဒီဇယ်ဈေးနှုန်း တစ်လီတာ ကျပ် ၃၀၀ ဝန်းကျင်အထိ သိသိသာသာ ကျဆင်းလာ
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လခွဲအတွင်း ဒေါ်လာသန်း ၉၇၀ ကျော် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းပေးထားသည်။
ယခုဒီဇင်ဘာလ ၃ ရက်တွင် ဒေါ်လာသန်း ၃၀ နှင့် ယခုထပ်မံထုတ်ရောင်းပေးမည့် ဒေါ်လာ ၂၈ သန်းအပါအဝင် ယခုဘဏ္ဍာနှစ် ရှစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၉၇၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၂၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၆၈၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက နှစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည် ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၄၅ ကျပ် ကျဆင်းခဲ့သည်။
