၁၂.၁၂.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်လယ် ခေါင်းဆေးကျွန်းတွင် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်မှုမှာ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်စဥ် ဘုရားခန်းကြမ်းခင်းသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။




မီးလောင်မှုမှာ အလျား ပေ ၉၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘုရားကျောင်းဆောင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စိတ်မကောင်းလိုက်တာ အသစ်မွမ်းမံပြင်ဆင်တားတာတောင် အလုံးစုံမပြီးသေးဘူး။ နှမြောလိုက်တာ”ဟု မော်လမြိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တစ်နာရီနီးပါးကြာမြင့်သော မီးလောင်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၏ ခေါင်းမိုးနှင့် ဘုရားကျောင်းဆောင်၏ ကြမ်းခင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။





“ခေါင်းဆေးကျွန်းမှာ ရှေးဟောင်းဘုန်းကြီးကျောင်းမီးလောင်တာကြောင့် စက်လှေတွေနဲ့ ရေစုပ်စက်အသေးတွေတင်ပြီး ဝိုင်းငြှိမ်းကြတယ်။ သံဃာတော်တွေနဲ့ လူတွေတော့ ထိခိုက်မှုမရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လူမှုကူညီရေးအဖွဲ့ဝင်များ၊ ဒေသခံတို့က အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ အပေါ့စားမီးသတ်စက် ၁၄ လုံးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဦးရဲနိုင်ဦးကို မော်လမြိုင် မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
