◾️ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲအားလုံး သက်မှတ်ရက်အတွင်း ရေတွက်ပြီးမှသာ ဆန္ဒမဲပေးသည့် အရေအတွက် သိရှိရမည်ဖြစ်ပြီး ရလဒ်များကိုလည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားပေးမည်
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် သတ်မှတ်ရက်အတွင်း ကြိုတင်မဲပေးရန် သံရုံးအသီးသီးမှ ပုံစံ (၁၅) တောင်းဆိုသူ ၅,၄၀၃ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြာထားသည်။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂ အရ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကြိုတင်မဲပေးလိုပါက နည်းဥပဒေပါ သတ်မှတ်ပုံစံ (၁၅) တောင်းဆိုလွှာဖြင့် သက်ဆိုင်ရာသံရုံးသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဖြစ်ပြီး သံရုံးအသီးသီးမှ ကြိုတင်မဲပေးရန် ပုံစံ(၁၅) တောင်းဆိုသူ ၅၄၀၃ ဦး ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။


နိုင်ငံအသီးသီးရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ရုံး ၅၂ ရုံးတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကြိုတင်မဲပေးနိုင်သည့်ရက်ကို သက်ဆိုင်ရာသံရုံး အစီအစဉ်ဖြင့် သတ်မှတ်ပေးခြင်းဖြစ်ကာ မဲပေးပြီးသည့် မဲလက်မှတ်များအား ကော်မရှင်သို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးပေးပို့ရမည်ဖြစ်သည်။
သံရုံးအသီးသီးမှ ကြိုတင်ဆန္ဒမဲလက်မှတ်များ ကော်မရှင်သို့ ရောက်ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့၍ သတ်မှတ်ရက်အတွင်း ဆန္ဒမဲလက်မှတ်များ ရေတွက်ပြီးမှသာ ဆန္ဒမဲပေးသည့်အရေအတွက်အား တိကျစွာ သိရှိနိုင်မည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ကိုယ်စားလှယ်လောင်း အသီးသီးရရှိသည့် ဆန္ဒမဲအရေအတွက်ကို နည်းဥပဒေပါ သတ်မှတ်ပုံစံ (၁၇)ဖြင့် ပြုစု၍ ကိုယ်စားလှယ်များ၊ အသိသက်သေများက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တစ်စောင်ကို တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများနှင့် ယာယီနေရပ် စွန့်ခွာသူများ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့အတွင်း ဆန္ဒပြုခဲ့ကြသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ၎င်းတို့ မဲစာရင်းပါရှိရာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့ ရမည်ဖြစ်သည်။
သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက အများပြည်သူရှေ့မှောက်တွင် ရေတွက်ပြီးမှသာ ကြိုတင်ဆန္ဒမဲပေးသည့် အရေအတွက်အား တိကျစွာသိရှိနိုင်မည်ဖြစ်ကြောင်းနှင့် ရေတွက်ပြီး ရလဒ်ကိုလည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
