◾️ဖော်ပြချက်များသည် FATF ကဲ့သို့ ခိုင်မာသည့် နိုင်ငံတကာလိုက်နာဆောင်ရွက်ရန် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များနှင့် Methodology များ ချမှတ်ပြီးအကဲဖြတ်ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် ဖော်ပြခဲ့သည့် နိုင်ငံပေါင်း ၁၇၇ အနက် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ ပါဝင်ခြင်းမရှိခဲ့
၁၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အဖွဲ့စည်းမှ ထုတ်ပြန်သည့် Basel AML Index 2025 ၏ ဆုံးရှုံးနိုင်ခြေမြင့်မားသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား နံပါတ်တစ် သတ်မှတ်ဖော်ပြခဲ့မှုအပေါ် မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံးနိုင်ခြေမြင့်မားသော နိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti-Money Laundering – AML)၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism – CFT) လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Proliferation of Financing of Weapon of Mass Destruction – CPF) လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းမှာ စက်မှုထိပ်သီး ၇ နိုင်ငံ အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၄၀ တို့မှ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) ဖြစ်သည်။
စက်မှုထိပ်သီး ၇ နိုင်ငံအပါအဝင် နိုင်ငံနှင့်အဖွဲ့အစည်းပေါင်း ၄၀ တို့မှ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း (Mutual Evaluation-ME) လုပ်ငန်းစဉ် ဆောင်ရွက်ပြီး FATF ၏ အကြံပြုချက် ၄၀ ပါ စံနှုန်းသတ်မှတ်ချက်ဖြင့် အကဲဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ချက် အစီရင်ခံစာပါ အကြံပြုချက် ၄၀ အနက် ၂၀၂၅ ခုနှစ်အထိ ၂၆ ချက်သည် စံနှုန်းသတ်မှတ်ချက်တိုးမြှင့် ကောင်းမွန်ရရှိခဲ့ပြီး အခြားဒေသတွင်းနိုင်ငံများထက် စံနှုန်းသတ်မှတ်ချက်ပိုမိုတိုးတက် ကောင်းမွန်ခဲ့ခြင်းဖြစ်သည်။
ကျန်ရှိအစီအမံ (Action Plan) များအား ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အခြားဆက်စပ် အခြေအနေများကြောင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အလေးထားစိစစ်မှုများပြုလုပ်ရန်နှင့် တိုးမြှင့်အရေးယူ ဆောင်ရွက်မှုမပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့်နိုင်ငံနှင့် ဒေသများစာရင်း (enhanced due diligence (EDD) and not countermeasures ) သို့ ပြောင်းလဲထည့်သွင်းခြင်းခံခဲ့ရသည်။
သို့သော် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကဲ့သို့ Countermeasure (Black List) စာရင်းတွင် ပါဝင်ခြင်းမဟုတ်ဘဲ EDD ကို ပိုမိုဆောင်ရွက်ရန်သာ စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။
ကျန်ရှိသည့်အစီအမံများအား သတ်မှတ်ကာလအတွင်း ပြီးစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ အဆင့်များတိုးမြှင့် သတ်မှတ်ခံရပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၄) ချက်သာ ကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence) စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် အချက် (၄) ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက Timeline များချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း၍ အားသွန်ခွန်စိုက် ထိထိရောက်ရောက် ဆောင်ရွက်နေသည်ဟုလည်း ကန့်ကွက်ချက်တွင် ဖော်ပြထားသည်။
