နေမိုး
၁၂. ၁၂. ၂၀၂၅
AA ရဲ့ ဌာနချုပ်နဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေ ဆေးကုပေးနေတဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ပြီး နောက်ရက်မှာပဲ AA ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်၊ ငလုံးစု ကျေးရွာကို တပ်မတော်က လေကြောင်းထပ်မံတိုက်ခိုက်လို့ အရွယ်ကောင်းလူငယ် ၈ ယောက် ထပ်သေသွားပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်၊ င/လုံးစု အထက်ရွာနဲ့ အောက်ရွာအတွင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၇) နာရီ (၃၄) မိနစ်မှာ ဂျက်တိုက်လေယာဉ်တစ်စီးပေါ်က ဗုံး (၂) လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ AA တပ်ဖွဲ့ဝင်တွေ၊ တပ်သားသစ်စုဆောင်းခံထားရသူတွေ သေဆုံးခဲ့တာပါ။

AA ဟာ တပ်မတော်က လေကြောင်းတိုက်ခိုက်တိုင်း နိုင်ငံတကာဖိအားဝင်အောင် အရပ်သားသေတယ်လို့ လိမ်လည်ထုတ်ပြန်ပေမဲ့ သေဆုံးသူတွေပုံထုတ်ပြန်တိုင်းမှာတော့ ရခိုင်မှာ ရှားပါးနေပြီဖြစ်တဲ့ အရွယ်ကောင်းလူငယ်တွေချည်းဖြစ်ပြီး ဒီလိုသေဆုံးသူတွေဟာ AA က စစ်သင်တန်းပေးစုဆောင်းထားတဲ့ AA အကြမ်းဖက်လက်နက်ကိုင်တွေပဲဆိုတာကို MT News က စုံစမ်းသိထားရပါတယ်။
ငလုံးစုရွာဟာလည်း AA ထိန်းချုပ်ထားပြီး အကြမ်းဖက်ဆက်နွှယ်သူတွေ အခြေစိုက်နေတာကြောင့် ကျောက်ဖြူမြို့နယ်က ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၇၁ စုထဲက ရွာတစ်ရွာဖြစ်ပါတယ်။
ငလုံးစုရွာကို အခုတိုက်ခိုက်မှုမှာတော့ လူငယ် ၈ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရထားတယ်လို့ AA ရဲ့ ကနဦးထုတ်ပြန်ချက်နဲ့ ထုတ်ပြန်ထားတဲ့ပုံတွေက ဖော်ပြပါတယ်။
AA က ရခိုင်ကို စသိမ်းချိန်ကစပြီး ရခိုင်လူငယ်အများစုဟာ AA ရဲ့ အဓမ္မစစ်မှူထမ်းဖို့ ခေါ်ဆောင်မှုမခံရအောင် ပြည်တွင်းပြည်ပကို သိန်းဆယ်ရာချီပေးပြီး ထွက်ပြေးကုန်ကြတာမို့ ရခိုင်မှာ လူငယ်အစုလိုက်အဖွဲ့လိုက်ရှိနေတဲ့ နေရာအားလုံးလိုလိုက AA ရဲ့ လက်နက်ကိုင်စခန်းတွေ၊ AA တပ်ဖွဲ့ဝင်တွေချည်းဖြစ်တယ်လို့လည်း AA ကို မနှစ်မြို့လို့ ရန်ကုန်ကို စစ်ရှောင်လာတဲ့ MT News ရဲ့ သတင်းရင်းမြစ်က မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
