သက်တံ့
၁၂. ၁၂. ၂၀၂၅
ကမ္ဘာကျော်ဘောလိဝုဒ်မင်းသား ရှရွတ်ခန်းကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ပြေးဖက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးရဲ့ရုပ်သံက မြန်မာ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ဒူဘိုင်းမှာကျင်းပတဲ့ SRK အမည်နဲ့ တည်ဆောက်မဲ့ တာဝါ မိတ်ဆက်ပွဲ Event ကို ဧည့်သည်ပေါင်း ၇၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အဲဒီအထဲမှာ မြန်မာပြည်က မဖြူနှင်းသွယ်လည်းပါဝင်ပါတယ်။

မဖြူနှင်းသွယ်ဟာ ဒူဘိုင်းကို ဒီနှစ် ဩဂုတ်လကမှ ရောက်ရှိလာတာဖြစ်ပြီး သူမ အလုပ်လုပ်တဲ့ကုမ္ပဏီကို အခမ်းအနားတက်ဖို့နဲ့ ရှရွတ်ခန်းနဲ့ Photo Section အတွက် ဖိတ်စာရကတည်းက ရှရွတ်ခန်းနဲ့ အနီးကပ်တွေ့ရင် ဘယ်လိုတွေများ ဖြစ်လေမလဲဆိုပြီး ရင်တွေခုန်နေခဲ့တယ် ဆိုပါတယ်။

ပွဲကိုရောက်သွားတော့ Event ကို တက်ရောက်သူများလွန်းလို့ ဖိတ်ကြားခံရတဲ့ ကုမ္ပဏီတွေက CEO တွေပဲ စင်ပေါ်တက်ပြီး ရှရွတ်ခန်းနဲ့ တွေ့ဆုံ ဓာတ်ပုံရိုက်ခွင့်ရမယ်လို့ သိလိုက်ရပါတယ်။ ဒါနဲ့ပဲ ဖြူနှင်းသွယ်ဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို လက်လွှတ်မခံချင်တာမို့ အရဲစွန့်ပြီး ပွဲထဲကနေ ထပြီး ရှရွတ်ခန်းရှိရာ စင်ပေါ် ပြေးတက်ခဲ့ပါတယ်။ လုံခြုံရေးတွေက ပထမတားဖို့လုပ်ပေမဲ့ ပွဲထဲကလူတွေက ဝိုင်းဩဘာပေး Support လုပ်ကြတာမို့ မဖြူနှင်းသွယ်ဟာ ရှရွတ်ခန်းကို
ပြေးဖက်ပြီး I love u Shahrukh, I’m your
biggest fan လို့ ပြောလိုက်နိုင်ပါတယ်။

ရှရွတ်ခန်းက မဖြူနှင်းသွယ် သူ့ဆီပြေးလာတာ မြင်တာနဲ့ ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာကို ထုတ်ပြီး ပြန်ဖက်ကာ အပြုံးနဲ့ ကြိုဆိုခဲ့ပါတယ်။ ပထမ ဓာတ်ပုံတွဲရိုက်ခွင့်တောင်းဖို့ စဉ်းစားထားပေမဲ့ ရှရွတ်ခန်းရှေ့ အရမ်း ရင်ခုန်ပြီး ဘာမှမပြောနိုင် မဆိုနိုင်ဖြစ်နေချိန်မှာပဲ ရှရွတ်ခန်းကစပြီး “သမီးကို စင်အောက် ပြန်လိုက်ပို့ပေးမယ်နော်”ဆိုပြီး လိုက်ပို့ပေးပါတယ်လို့လည်း Bollywood Update News Myanmar က ရေးသားဖော်ပြထားပါသေးတယ်။
မေမြို့သူ မဖြူနှင်းသွယ်က ရှရွတ်ခန်းကို ပြေးဖက်တာနဲ့ ပတ်သက်ပြီး သူမလူမှုကွန်ရက်မှာ “So လူအယောက် 7000 ကျော်ကြားထဲ ကနေ သတ္တိမွှေး ပြီး မရမက Srk ကို ပြေးဖက်တာပါရှင် 🤭 ဒီလိုအခွင့်ရေးနှစ်ခါပြန်မရဘူးဆိုတဲ့ စိတ်နဲ့ ပြေးတာနောက်ဆုံးတော့ ပြေးရကြိုးနပ်တာပေါ့နော်🤭🤭🥹 #shahrukhkhan (သတ်ပုံမူရင်း) ” လို့ ဖော်ပြခဲ့ပါတယ်။
Ref & Photo Phyu Hnin Thwe၊ Bollywood Update News Myanmar
