၁၂.၁၂.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ဒီဇင်ဘာ ၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်း၊ ၁၀၁ လမ်းနဲ့ ၄၃ လမ်းကြား သိပ္ပံလမ်းပေါ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုအတွင်း ဆိုင်ဝန်ထမ်းကလေးတစ်ဦး မီးလောင်ဒဏ်ရာရရှိကာ ဆေးရုံတင်ပို့ ကုသမှုခံရင်း ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ သေဆုံးသွားခဲ့တာကြောင့် မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ ကြာနီကန်သုဿာန်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

သေဆုံးသူက မောင်အောင်ငြိမ်းချမ်းဇေ အသက် ၁၇ နှစ်လို့ သိရှိရပြီး မီးလောင်မှုကဖြစ်ကာစမှာ အပေါ်ယံအရေပြားလောင်ကျွမ်းမှုလို့ ထင်ထားခဲ့ပေမယ့် ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောင်ကျွမ်းခဲ့တာမို့ အတွင်းကလီစာတွေအထိ ထိခိုက်လောင်ကျွမ်းခဲ့ကြောင်း ကူညီကယ်တင် ဆောင်ရွက်ရာမှာ ပါဝင်ခဲ့တဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါတာဝန်ရှိသူက ” အဲဒီကလေးက ဖျားနေလို့ သူတို့ ဝန်ထမ်းဆောင်မှာ ဆေးသောက်ပြီးအိပ်နေတာတဲ့။ မီးလောင်တော့ မီးဝိုင်းခံရပြီး ထွက်မရဖြစ်သွားတာ။ အဆောင်တွေက ဝါးဆောင်တွေနဲ့ အလှဆင်ဆောက်လုပ်တာမို့ မီးက အကူးမြန်ပါတယ်။ စားဖိုဆောင်က ဂတ်စ်အိုး ကွဲတာလို့ပဲ သိရတယ်” လို့ MT News ကိုပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင် အဒေါ် တော်စပ်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ “” 6 ရက် လုံးလုံး အလူးအလဲ ခံစားနေရင်း 5 ရက်မြောက်နေ့ တီလေး ဗိုက်စာတယ် ဆရာမကို ပြောပေးပါ ရေစာတယ်.. မြန်မြန်..မြန်မြန်…Pocari sweat သောက်မှာ 2 ဗူးလို့ လက်ထောင် ပြောခဲ့တာ ငါ လုပ်မပေးနိုင်ခဲ့ဘူး ငါကြည့်နေခဲ့ရတယ် နင့် ရင် ထဲမှာ ပူနေသလို ငါရင်ဘက်တွေလဲ ပူလောင်နေပါတယ်ဟာ၊ နင်မရှိတော့မှ နင့်ဓါတ်ပုံဘေး ချပေးရတယ် နင် သောက်နိုင်ပါစေ ဆိုတဲ့ စိတ်လေးနဲ့ပေါ့ ငါ ရင်နာတယ်ဟာ ထမင်းကို ဇလုံကြီးနဲ့ အပြည့် စားရမှ ဝတဲ့ကလေး ရေတစ်ခါသောက် 1 လီတာ လောက်မှ ဝတဲ့ကလေး 6 ရက် လုံးလုံး အစာ ငတ် ရေငတ် အို ရက်စက်ပါ တယ် ကံရယ် ရက်စက်လွန်းပါတယ်(သတ်ပုံ မူရင်း)” လို့ ရေးသားမျှဝေထားသလို သေဆုံးသူ လူငယ်မှာ အဆိုပါဆိုင်မှာ ဝင်ရောက်လုပ်ကိုင်တာ တစ်လမပြည့်သေးဘူးလို့လည်း သိရပါတယ်။

မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က level – 1 အဆင့်ခေါ်ယူငြှိမ်းသတ်ခဲ့ရကာ ဖြစ်ပွားပြီး မိနစ် ၃၀ ခန့်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
