၈.၁၂.၂၀၂၅
Written By Thandar
Hein Production က နာမည်ကျော် ဆရာကြီးလယ်တွင်းသားစောချစ်ရဲ့ အတ္ထုပ္ပတ္တိကို အခြေခံပုံဖော်ထားတဲ့ “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကို ရိုက်ကူးခဲ့ချိန်ကလည်း တော်တော် တာဝန်ကြီးတယ်။ အရင်တုန်းကလည်း ဝတ္ထုက ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထုဖြစ်တယ်။ အရမ်း အောင်မြင်ပြီးသား အမျိုးသားစာပေဆုလည်းရထားတယ်။ စာပေဗိမာန်ဆုတွေ နိုင်ငံခြားမှာလည်း ဆုတွေရထားတယ်။ ရည်ရွယ်ချက်ကောင်းတဲ့ ဝတ္ထုကိုပုံဖော်အသက်သွင်းရမယ်ဆိုတော့ အရမ်း Risk လည်းများတယ်။ ဆရာကြီးရဲ့ Life Style အတ္ထုပ္ပတ္တိလည်းပါတယ်။ ပန်းမြိုင်လယ်က ဥယျာဉ်မှူးဆိုတဲ့ဝတ္ထုကိုလည်း ကျောရိုးယူရိုက်ထားတာပါ ” လို့ ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက်က ပြောပါတယ်။






အဆိုပါ ဇာတ်ကားကို ဝတ္ထုယ်တွင်းသားစောချစ်၊ ဇာတ်ညွှန်း သက်ဦးမောင်က ရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ၂၀၂၄ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပါးနယ်ဘက် ကျောက်မီးရွာမှာ ရိုက်ကူးခဲ့တဲ့ လယ်တွင်းသားစောချစ်ရဲ့ ဘဝအတွေ့အကြုံကို ပုံဖော်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
အကယ်ဒမီ မြင့်မြတ်၊ နက္ခတ်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီမေမြင့်မိုရ်၊ ဘုန်းရှိန်ခန့်၊ အောင်ပိုင်၊ ကျော်မိုးပိုင်၊ နှင်း၊ လွန်းခြယ်၊ မေသက်ကျော်၊ ပြုံးဟန်သာကို၊ ပြည့်ကောင်းစုသန့်၊ ကေညီ၊ ဇော်မှိုင်း၊ ညီဂျော်၊ ဇော်ဝင်းမောင်၊ မောင်မောင်မျိုးသန့်၊ ရွှေအိုး၊ တင်ငြိမ်း(ရှုမဝ)၊ ဇော်ကြီး၊ စန်းစန်းဝင်း၊ ဝင်းမင်းသန်း စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ပန်းမြိုင်လယ်မှဥယျာဉ်မှူး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်မှာ မြန်မာတစ်ပြည်လုံးက ရုပ်ရှင်ရုံတွေ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
