၈. ၁၂. ၂၀၂၅
Written by Nay Moe
နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခွာလာသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို PDF များ ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်ကိုပါ မီးရှို့ဖျက်ဆီးသွားမှု မုဒုံမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာ ရော်ဘာခြံ၌ အမျိုးသား နှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ နိုင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးဦး (၄၁)နှစ်နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးဗညားမွန်(၃၄)နှစ်တို့သည် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ဆိုင်ကယ် တစ်စီးဖြင့် ထွက်ခွာလာစဉ် ၎င်းရော်ဘာခြံအနီးအရောက်၌ PDF များ (အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်အား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ဦးဇင်မျိုးဦးနှင့် ဦးဗညားမွန်တို့ နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။
