◾ ကမ်းရိုးတန်းမှ မိုင် ၅၀ အကွာတွင် လှုပ်ခတ်သော ငလျင်ပြင်းအားကြောင့် နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသကို ၃ မီတာအထိ မြင့်သော လှိုင်းများ ရိုက်ခတ်နိုင်ပြီး ဆူနာမီလှိုင်းလုံးငယ်များ စတင်တွေ့ရှိ
သက်တံ့
၈. ၁၂. ၂၀၂၅
ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိသော အင်အားပြင်း ငလျင်တစ်ခု ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သလို ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်များ ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ် (GMT ညနေ ၂ နာရီ ၁၅ မိနစ်) တွင် ပင်လယ်ပြင်၌ ငလျင်လှုပ်ခတ်ပြီးနောက် ၃ မီတာ (၁၀ ပေ) အထိ မြင့်သော ဆူနာမီလှိုင်းများသည် ဂျပန်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းကို ရိုက်ခတ်နိုင်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီ (JMA) က ပြောကြားခဲ့သည်။
Hokkaido၊ Aomori နှင့် Iwate စီရင်စုများအတွက် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဆိပ်ကမ်းများစွာတွင် ၂၀ စင်တီမီတာမှ ၅၀ စင်တီမီတာ (၇ လက်မမှ ၁၈ လက်မ) အမြင့်ရှိသော ဆူနာမီလှိုင်းများကို တွေ့ရှိရကြောင်း JMA မှ ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်သည် Aomori စီရင်စု ကမ်းရိုးတန်းမှ မိုင် ၅၀ (၈၀ ကီလိုမီတာ) အကွာ၊ မိုင် ၃၀ အနက်တွင် ရှိကြောင်း အေဂျင်စီက ထပ်လောင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအား တိုင်းတာမှုဖြစ်သော Shindo Scale အရ အဆင့် ၁ မှ အဆင့် ၇ အထိ စကေးတွင် ယခုငလျင်သည် Aomori စီရင်စု၌ “အဆင့် ၆ အထက်” အဖြစ် မှတ်တမ်းတင်ခဲ့သည်။ ထိုသို့သော ပြင်းအားသည် မတ်တပ်ရပ်ရန် သို့မဟုတ် တွားသွားခြင်းမရှိဘဲ လှုပ်ရှားရန် မဖြစ်နိုင်လောက်အောင် ပြင်းထန်သော ငလျင်ဖြစ်သည်။ ထိုသို့သော ငလျင်လှုပ်ခတ်မှုများတွင် ပရိဘောဂ အများစုသည် လဲကျနိုင်ပြီး အဆောက်အအုံများစွာရှိ နံရံကပ်ကြွေပြားများနှင့် ပြတင်းပေါက်မှန်များ ပျက်စီးကြသည်။
ငလျင်ကြောင့် အရှေ့ဂျပန် မီးရထားလမ်းကုမ္ပဏီ (East Japan Railway) သည် အဆိုပါဒေသရှိ ရထားပြေးဆွဲမှု အချို့ကို ဆိုင်းငံ့ခဲ့သည်။ ယင်းဒေသသည် ၂၀၁၁ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၉ အဆင့်ရှိ ငလျင်ကြီးဒဏ်ကိုလည်း ခံစားခဲ့ရဖူးသည်။
Tohoku Electric Power နှင့် Hokkaido Electric Power မှ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ လည်ပတ်နေသည့် ဒေသတွင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများတွင် မူမမှန်မှု တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း လျှပ်စစ်လုပ်ငန်းများက ပြောကြားခဲ့သည်။ သို့သော် Tohoku Electric ကမူ ထောင်နှင့်ချီသော လူများ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်အဖြစ်နိုင်ဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အနည်းဆုံး ငါးမိနစ်တစ်ကြိမ် ငလျင်လှုပ်ခတ်လေ့ရှိသည်။
ပစိဖိတ်သမုဒ္ဒရာဝန်းကျင်ကို တစ်စိတ်တစ်ပိုင်း ဝန်းရံထားသည့် မီးတောင်များနှင့် သမုဒ္ဒရာဆက်ကြောင်းမြေလွှာချပ်များဖြင့် ဖွဲ့စည်းထားသော “မီးကွင်းစက်ဝန်း (Ring of Fire)” ပေါ်တွင် တည်ရှိသော ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ပြင်းအား ၆ နှင့်အထက်ရှိသော ငလျင်များ၏ ၂၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားနိုင်သော ဒေသလည်းဖြစ်သည်။
Ref: The Guardian
