နေမိုး
၉. ၁၂. ၂၀၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်အုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူး PDF အဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ ရေးဘီလူ PDF အဖွဲ့ (အင်အားစိစစ်ဆဲ) က မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ငါးစီးတို့ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလင်းဦး(၅၉)နှစ် ဦးဆောင်သည့် ကျေးရွာပြည်သူ့စစ်အဖွဲ့က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် ရေးဘီလူး PDF အဖွဲ့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

တိုက်ပွဲ ဖြစ်စဉ်အတွင်း ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးရန်ပိုင်ဖြိုး (၃၆)နှစ်၊ မောင်ထွန်းအောင်(၁၉)နှစ်နှင့် ကိုသာအောင်(၂၃)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးလင်းဦး၊ ဦးခိုင်ငြိမ်းအောင်(၅၄)နှစ်၊ ဦးရဲမင်းသိန်း(၄၃)နှစ်နှင့် ကိုထက်မျိုး(၂၃)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေးအတွက် ဦးခိုင်ငြိမ်းအောင်နှင့် ဦးရဲမင်းသိန်းတို့ နှစ်ဦးအား ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ဦးလင်းဦးနှင့် ကိုထက်မျိုးတို့ နှစ်ဦးအား နယ်မြေခံတပ်မတော်ဆေးခန်းသို့လည်းကောင်း အသီးသီးပို့ဆောင်ထားရှိကြောင်း သိရသည်။
ရေးဘီလူး PDF အဖွဲ့သည် လူနည်းစုသာရှိသည့် PDF အဖွဲ့ဖြစ်သော်လည်း ချေမှုန်းနိုင်မှုမရှိခြင်းကြောင့် ယခင်က တောရွာများအတွင်းသာ လူသတ်ဖမ်းဆီးမှုပြုလုပ်နေရာမှ နောက်ပိုင်းတွင် မွန်ပြည်နယ်မြို့ကြီးများအထိပါ တိုက်ခိုက်သတ်ဖြတ်မှုပြုလုပ်လာပြီး ယခုနောက်ပိုင်းတွင် အင်အားနည်းသော ဂိတ်စခန်းများ၊ ကျေးရွာပြည်သူ့စစ်အဖွဲ့များကို အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လာနေသည်။
