၉. ၁၂. ၂၀၂၅
Written by Nyein Kyaw
လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း အပါအဝင် ဒေါ်လာ ၅၇ သန်းကျော်နှင့် ကျပ် ၄၅ ဘီလျံခွဲကျော်ရှိ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။
ယမန်နေ့တွင် ကျင်းပသည့် MIC ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခြောက်ခုမှ မ,တည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ငါးခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၂၉၅ သန်းနှင့် ကျပ် ၄၅,၅၀၂ ဒသမ ၉၇၈ သန်း (ကျပ် ၄၅ ဘီလျံခွဲကျော်)ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၁၁၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုမှ အမေရိကန်ဒေါ်လာ ၉၆ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ ၁၂ ခုတွင် ဝင်ရောက်ထားသည့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၂၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄ ဒသမ ၆၀ ရာခိုင်နှုန်းတို့ဖြင့် အများဆုံးဝင်ရောက်ထားခြင်းဖြစ်သည်။
