၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂ ဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများကို မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့် တာ၀န်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကာတာနိုင်ငံ သံရုံးတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့သည် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများအား ကာတာနိုင်ငံ သံရုံးတာဝန်ခံက ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
