၈.၁၂.၂၀၂၅
Written By Thandar
Mahar Application ရဲ့ Original Series ဖြစ်တဲ့ မိဘမေတ္တာ၊ အချစ်ဇာတ်လမ်းပုံစံ “သုံးလွန်းတင်ပျို့” ဇာတ်လမ်းတွဲ Press Show အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“အမ ဇာတ်ကားတွေမရိုက်တာ သုံးနှစ်ကျော်သွားပြီ။ ဒါက ပထမဆုံးရိုက်တဲ့ကားလေးပါ။ ကိုယ့်စိတ်ကြိုက်ရိုက်ခွင့်ရတဲ့ ဇာတ်ကားပေါ့။ မဟာက အမအတွက်အကောင်းဆုံး ဝတ္ထုကို အကောင်းဆုံးလူတွေ ရိုက်ခွင့် ရခဲ့တာပါ။ အမတို့က အမေနှစ်ယောက်နဲ့ သားသမီးနှစ်ယောက်ရဲ့ကြားက ဇာတ်လေးပါ။ ပရိသတ်က ရသစုံ အောင်ပေးထားပါတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် မိဘမေတ္တာတရားလေးရယ်၊ နောက် လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ တွဲဖက်ခဲ့တာပါ။ အတ္တတွေလည်းပါဝင်တဲ့ ဇာတ်လေးဖြစ်လို့ လက်ရှိ ထုတ်လွှင့်နေပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။





အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်းပိုင်းကို ညမွှေးပန်းနဲ့ ငွေစင်သွန်းတို့က ရေး သားပြီးတော့ ဒါရိုက်တာကြည်ဖြူသျှင်က ချစ်ခြင်းမေတ္တာတရားကို အနုအရွ၊ အလွမ်းအဆွေးမတူညီတဲ့ ပုံဖော်မှုတွေနဲ့ ရသမျိုးစုံခံစားရအောင် မိဘမေတ္တာနဲ့ ပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ချမ်းမင်းရဲထွဋ်၊ ပိုးမမှီသာ၊ ဆုပန်ထွာ၊ ဖူးစုံ၊ မင်းအာကာ၊ မိုးပွင့်ဖြူ၊ Kai ၊ အောင်လွင်မိုး၊ ခင်မို့မို့အေး၊ ဇင်မျိုး၊ မြတ်သူရိန်ကျော်၊ တာတာ၊ မေသွယ်၊ မြတ်အမရာ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
အပိုင်း၂၀ ပါဝင်မယ့် ချစ်ခြင်းမေတ္တာတရားကို အနုအရွ၊ အလွမ်းအဆွေး၊ မတူညီတဲ့ ပုံဖော်မှုတွေနဲ့ ရသမျိုးစုံခံစားရမယ့် “သုံးလွန်းတင်ပျို့”ဇာတ်လမ်းတွဲကိုဒီဇင်ဘာ ၅ ရက်နေ့ကစ Mahar Application နဲ့ Mahar Channel ကနေ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
