၈.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က“ဖလော်ရီဒါပြည်နယ်မှာ အမေရိကန်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုနေကြတဲ့ ယူကရိန်းအရာရှိတွေအနေနဲ့ အမေရိကန်အစိုးရက နောက်ဆုံး တင်ပြခဲ့တဲ့ ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးအဆိုပြုချက်ကို လက်ခံဖို့ နှစ်သက်ကြတယ်။ ဒါပေမယ့် သမ္မတ ဇယ်လန်စကီးက ပြီးခဲ့တဲ့နာရီပိုင်းအထိ ဒီအဆိုပြုချက်ကို မဖတ်ရသေးဘူးဆိုတော့ ကျွန်တော်လည်း အတော်လေးစိတ်ပျက်မိတယ်ဗျာ” လို့ ဒီဇင်ဘာလ ၇ ရက်ညက ဝါရှင်တန်မြို့၊ ကနေဒီစငိတာမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ထရမ့်ပ်က ထပ်မံ မှတ်ချက်ပြုခဲ့ရာမှာ ဒီအဆိုပြုချက်ကို ရုရှားဘက်က အတော်သဘောကျတယ်။ ရုရှားရဲ့ သဘောထားက ခင်ဗျားတို့သိတဲ့အတိုင်း တစ်နိုင်ငံလုံးနဲ့ပတ်သက်လို့ စဉ်းစားဖို့ရှိတာပေါ့။ ဒါပေမယ့် ရုရှားကသဘောကျတာကို ကျွန်တော်ယုံကြည်တယ်။ ဇယ်လန်စကီးက ဘယ်လိုလဲ။ ကျွန်တော့်မှာ မသေချာဘူးဖြစ်နေတယ်”လို့ ဆိုခဲ့ပါတယ်။
ယူကရိန်းက ရုရှားကို နယ်မြေတချို့လွှဲပြောင်းပေးပြီး သူ့ရဲ့ကာကွယ်ရေးစွမ်းရည်ကိုလည်း ကန့်သတ်သင့်တယ်ဆိုတဲ့ အဆိုပြုချက်ပါ အကြံပြုချက်တွေကို ဇယ်လန်စကီးက အရင်က လက်မခံဘဲ ကန့်ကွက်ခဲ့တာပါ။

ဒီလို သမ္မတ ထရမ့်ပ်က စိတ်ပျက်မိတယ်လို့ ပြောကြားအပြီးမှာပဲ ဒီဇင်ဘာလ ၈ ရက် နံနက်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူနိုက်တက်ကင်းဒမ်းဝန်ကြီးချုပ် ကီယာစတမ်မာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဂျာမန်ဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ်မာ့ဇ်တို့နဲ့ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ဥရောပခေါင်းဆောင်တွေဟာ အမေရိကန်အရာရှိတွေ ဖလော်ရီဒါမှာ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးပွဲတွေမှာ ရေးဆွဲခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ နောက်ဆုံးပေါ် ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးကြမှာပါ။
Ref-bbc
