၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနှင့် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူများ ကျပ်သိန်း ၁,ဝဝဝ အထက် အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက်သတင်းပို့ရန် ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်းမှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ထုတ်ပြန်ထားသည့် ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနှင့် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူများ လိုက်နာဆောင်ရွက်ရန် ကြော်ငြာစာအမှတ် (၁) တွင် ပါရှိသည့် အချက် ၁၅ ချက်၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကနဦးစိစစ်ရေးအဖွဲ့များသို့ လျှောက်ထားဆဲ ရွှေဆိုင်များသည် လုပ်ငန်းလိုင်စင်မရရှိသေးမီ ကာလအတွင်း ၎င်းတို့လျှောက်ထားသည့် လုပ်ငန်းတည်နေရာတွင် ဖွင့်လှစ်ခွင့်ရှိသည်။


သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ) ၁ ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ဖြင့်သာ ရောင်းဝယ်ရမည်။ သတ်မှတ်ထားသော ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးဖြင့်သာ ရောင်းဝယ်ရမည်ဖြစ်သည်။ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ အခွန်ထမ်းဆောင်သူဖြစ်ရမည်ဖြစ်သည်။
ရွှေဝယ်ခြင်း/ရောင်းခြင်းနှင့်သက်ဆိုင်သော ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာညွှန်ကြားချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျပ် သိန်း ၂ဝဝ ကျော်ပါက (MMQR) စနစ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်ရန်နှင့် ကျပ်သိန်း ၁,ဝဝဝ အထက်အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) သို့ မပျက်မကွက်သတင်းပို့ရန် အသိပေးထားသည်။
ရွှေလုပ်ငန်းရှင်များမှ အကောင်အထည်ဖော် ဆောင်ရွက်ရေးအရာရှိ (Compliance Officer) ခန့်အပ်ထားရန်နှင့် ခန့်အပ်ထားပြီးသည့် အထောက်အထားအား ရွှေဆိုင်တွင်ထားရှိရမည်။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားခြင်းရှိရမည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်သည်။
အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတွင် ရွှေရောင်းဝယ်ခြင်းအတွက်လျှောက်ထားသော လုပ်ငန်းတည်နေရာတွင်သာ ရွှေရောင်းဝယ်ခြင်းပြုလုပ်ရမည်။ နေ့စဉ်/လစဉ် အရောင်းအဝယ်စာရင်းနှင့် လက်ကျန်စာရင်းအချုပ်များကို သက်ဆိုင်ရာ ကနဦး စိစစ်ရေးအဖွဲ့သို့ လစဉ် လဆန်း ၅ ရက်အတွင်း မပျက်မကွက် တင်ပြခြင်းရှိရမည်ဖြစ်သည်။
ရွှေဈေးကွက် မတည်ငြိမ်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း/ရောင်းဝယ်ခြင်း/ဝယ်ယူခြင်း မပြုလုပ်ရန်၊ ရွှေဈေးနှုန်းအပြောင်းအလဲများ မဖြစ်စေရန်နှင့် ရွှေဈေးကွက်တည်ငြိမ်စေရန်အတွက် ရွှေဆိုင်များအနေဖြင့် ကံစမ်းမဲများနှင့် အလားသဏ္ဌာန်ဆောင်သည့် နည်းလမ်းများမပြုလုပ်ရန်။ လက်ရောက်ရွှေလွှဲပြောင်းခြင်းနှင့် ခွင့်ပြုထားသောရောင်းဝယ်သည့် နည်းလမ်းမှလွဲ၍ ရွှေကို သဏ္ဌာန်ဆောင် ရောင်းချခြင်း၊ ကြိုရောင်းကြိုဝယ် (လေပတ်ကား) ရောင်းချခြင်းနှင့် တရားမဝင် ရောင်းဝယ်မှုများ မပြုလုပ်ရန် အသိပေးထားသည်။
ရွှေဆိုင်များအနေဖြင့် နေ့စဉ် ဝယ်ခြင်း/ရောင်းခြင်း ဆက်သွယ်ဆောင်ရွက်မှုများအတွက် သက်ဆိုင်သော Ledger စာအုပ်များအား YGEA အသင်းရုံးတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း၊ လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် အသိပေးထားသည်။
