၆.၁၂.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာတြားကျွန်းပေါ်ရှိ အာချေးပြည်နယ်မှာ မုတ်သုန်မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးရေလျှံမှုဖြစ်ခဲ့ရတဲ့အတွက် အရေးပေါ်ရေနုတ်မြောင်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်က အလုပ်သမားတွေက တူးဖော်ခဲ့ရာမှာ အဝေးပြေးလမ်းမကြီးတစ်ခု မမျှော်လင့်ဘဲ ရုတ်တရက် ပြိုကျသွားခဲ့ရတယ်လို့ ဒီဇင်ဘာလ ၅ ရက် သတင်းတွေအရ သိရပါတယ်။
လမ်းမကြီးပေါ်မှာ ရှိနေတဲ့ စက်ဘီးတွေ၊ ကားတွေဟာ အသက်ဘေးကလွတ်ဖို့ မြေကျွံကျတဲ့နေရာက အဝေးကို မောင်းပြေးခဲ့ကြရပါတယ်။ လူမှုမီဒီယာမှာတော့ အဝေးပြေးလမ်းမကြီး အပိုင်းပိုင်းပြိုကျသွားတဲ့ ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမာတြားရှိ အဆိုပါ အဝေးပြေးလမ်းမကြီးပေါ်မှာတော့ ကြီးမားတဲ့အပိုင်းတစ်ခု ပြိုကျပြီး ကြီးမားလှတဲ့ မြေကျွံပေါက်ကြီးတစ်ခု ဖြစ်လာခဲ့တာကို အံ့အားသင့်စွာ တွေ့ကြရပါတယ်။ မကြာသေးမီက ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေအတွင်း ထိခိုက်ပျက်စီးသွားဖွယ်ရှိတဲ့ လမ်းမကြီးပေါ်မှာ ရုတ်တရက် မြေပြိုကျမှုက မီတာ ၂၀ မှ ၃၀ အထိ အကျယ်ရှိတဲ့ မြေကျွံပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့တယ် ဆိုပါတယ်။
လမ်းကျွံကျမှုက စက္ကန့် ၃၀ မှ ၄၀ အတွင်း ဖြစ်ခဲ့ပြီး ဖုန်မှုန့်တွေနဲ့ အပျက်အစီးတွေ ပြည့်နှက်နေတဲ့ ကြီးမားလှတဲ့ အပေါက်ကြီးတစ်ခု အဝေးပြေးလမ်းမကြီးပေါ်မှာ ကျန်ရစ်ခဲ့တာပါ။ ကံကောင်းထောက်မစွာပဲ ဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ယောက်မှ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆူမာတြားကျွန်းမှာ မိုးရေချိန် ၅၀၀ မီလီမီတာ(လက်မ ၂၀ နီးပါး) ထက်ကျော်လွန်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုစွတ်သောမြေဆီလွှာသည် မတည်မငြိမ်ဖြစ်လာပြီး ပြိုကျသွားကာ ညတွင်းချင်း ကတ္တရာလမ်းတွေကို ပျက်စီးစေတဲ့ ရွှံ့ရေများ စီးဆင်းခဲ့ပါတယ်။ ရွှံ့တွေက ၁ ဒသမ ၅ မီတာခန့်နက်ပြီး ထိုဒေသကို ရောက်ရှိဖို့ခက်ခဲလို့ ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ပို့ဆောင်ဖို့ အလွန်ခက်ခဲနေရပါတယ်။
Ref- NDTV



