၆. ၁၂. ၂၀၂၅
Translated by Thettant
ပြင်သစ်နိုင်ငံ၏ မြို့တော်ပါရီတွင် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို KFC စားသောက်ဆိုင်ရှိ အိမ်သာသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲချက်ကြောင့် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား အမျိုးသားလေးဦး ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ ဆယ်ကျော်သက်မိန်းကလေးကို ပြီးခဲ့သည့် တနင်္လာနေ့ (ဒီဇင်ဘာ ၁ ရက်) ည ၁၀ နာရီခွဲခန့်အချိန်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့၏ ဗဟိုဖြစ်သည့် ပထမခရိုင်အတွင်း၊ Les Halles ရပ်ကွက်တွင် တည်ရှိသော အလွန်ကြီးမားသည့် မြေအောက် ဈေးဝယ်စင်တာနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အချက်အချာကျသော နေရာတစ်ခု ဖြစ်သည့် Forum des Halles (Westfield Forum des Halles) စျေးဝယ်စင်တာရှိ KFC စားသောက်ဆိုင်၏အိမ်သာအတွင်း လူငယ်အမျိုးသားများ၏ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်ဟု စွပ်စွဲထားသည်။
သံသယတရားခံများကို ဖမ်းမိသည့်ဖြစ်စဉ်တွင် လမ်းသွားလမ်းလာတစ်ဦးက ငိုနေသည့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို တွေ့ရှိခဲ့ပြီး သူမ၏ ကြေကွဲဖွယ်ရာ ပြောပြချက်ကို နားထောင်ပြီးနောက် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေးဦးသည် တနင်္လာနေ့ည ၁၀ နာရီခွဲခန့်တွင် ပါရီမြို့ Les Halles ခရိုင်ရှိ အဆိုပါ အသင့်စား KFC စားသောက်ဆိုင်မှ အိမ်သာအတွင်းသို့ ဆယ်ကျော်သက်မိန်းကလေးကို ဆွဲခေါ်ကာ အုပ်စုဖွဲ့ မုဒိမ်းကျင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အဆိုပါ အမျိုးသားများက ဆယ်ကျော်သက် မိန်းကလေးငယ်ကို သူငယ်ချင်းနှင့် ခွဲထုတ်ကာ Forum des Halles ဈေးဝယ်စင်တာရှိ KFC စားသောက်ဆိုင်၏ အိမ်သာသို့ ခေါ်ဆောင်သွားသည်ဟု ယူဆရသည်။ ပါရီမြို့ အစိုးရရှေ့နေရုံးက “Les Halles ဧရိယာက လမ်းသွားလမ်းလာတွေက အမျိုးသမီးငယ်တစ်ဦးဟာ အခုမှ အဓမ္မပြုကျင့်ခံရတယ်လို့ ပြောပြကြောင်း ဗဟိုရဲစခန်းက ရဲအရာရှိတွေကို အကြောင်းကြားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရဲများက အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိသွားခဲ့သလို ပြုကျင့်ခံရသူ မိန်းကလေးငယ်က သံသယရှိသူလေးဦးကို ညွှန်ပြနိုင်ခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသားလေးဦးကို အသက် ၁၅ နှစ်အောက် မရောက်သေးသူအား အဓမ္မပြုကျင့်မှု သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Entreveu သတင်းက ဖော်ပြသည်။ ၎င်းတို့အား အရွယ်မရောက်သေးသူများ ကာကွယ်ရေးဌာန (Juvenile Protection Unit) က စုံစမ်းစစ်ဆေးနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြသည်။
ပြုကျင့်ခံဆယ်ကျော်သက်မိန်းကလေးက ပါရီမြို့ Chatelet ရှိ မက်ဒေါ်နယ်အနီးတွင် သူငယ်ချင်းနှင့် ညနေခင်းကို ကုန်ဆုံးခဲ့ကြောင်း ရဲများကို ပြောပြခဲ့သည်ဟု ဆိုသည်။ ထိုနေရာဝန်းကျင်ကို ရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးအရ စစ်ဆေးစဉ်၊ သူမ၏ သူငယ်ချင်းမှာ ရဲတပ်ဖွဲ့နှင့်အတူ ရှိနေခဲ့ပြီး သူမကမူ ထိုအမျိုးသားများ၏နောက်သို့ လိုက်ပါသွားကာ Les Halles ရှိ KFC သို့ ရောက်ရှိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်ဟု အစိုးရရှေ့နေရုံးက ထပ်လောင်းပြောသည်။ သူငယ်ချင်းနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် ထိုအမျိုးသားများနှင့်အတူ စောင့်ရန် သဘောတူခဲ့ခြင်း ဖြစ်သော်လည်း သူမသည် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရကြောင်း တိုင်ကြားခဲ့သည်ဟုလည်း သိရသည်။
ကြောက်မက်ဖွယ် တိုက်ခိုက်မှုအပြီးတွင် ဆယ်ကျော်သက်မိန်းကလေးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Forum des Halles ဈေးဝယ်စင်တာသည် ဥရောပတွင် အလုပ်အများဆုံး ဈေးဝယ်စင်တာများထဲမှ တစ်ခုဖြစ်သော်လည်း Le Parisien သတင်းစာအရ ရာဇဝတ်မှုများ သိသိသာသာ မြင့်တက်လာမှုကို ရင်ဆိုင်နေရသည်။ အုပ်စုဖွဲ့ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုဖြစ်ပွားပြီးချိန်မှစ၍ အဆိုပါ ဈေးဝယ်စင်တာ၏ မတူညီသော အထပ်တိုင်းတွင် လုံခြုံရေးအစောင့် ဒါဇင်နှင့်ချီ၍ ချထားခြင်းအပါအဝင် လုံခြုံရေးကို တိုးမြှင့် ချထားခဲ့သည်။
Ref : Mirror
