◾️ ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ချိန်များတွင် အရက်၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်းပါ မှာကြား
၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်)များသို့ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။





နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ယာယီသမ္မတက ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခင် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ဆိုရှယ်လစ်ခေတ်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံရေးတွင် တူညီသည့်သဘောထားများဖြစ်စေရန်၊ ရုံးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများအား စည်းစနစ်တကျဖြင့် တစ်ပြေးညီဖြစ်စေရေးအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ကို စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
သို့သော် နိုင်ငံ့ဝန်ထမ်းဦးရေအရ လုံလောက်မှုမရှိသေးသဖြင့် လက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် သင်တန်းသားဦးရေများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် သင်တန်းများ တက်ရောက်ပြီးမှသာ ရာထူးတိုးခြင်းများကို ဆောင်ရွက်ပေးမည်ဟု သတ်မှတ်ထားကြောင်း ယာယီသမ္မတက ပြောကြားသည်။





ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းများအား စိတ်ဓာတ် စည်းကမ်းကောင်းမွန်စေရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းသည့်ဝန်ထမ်းများ၊ နိုင်ငံကိုချစ်မြတ်နိုးသည့်စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့နောက် ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ယာယီသမ္မတက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေ့အကျင့်ကောင်း (Good Practice) များရရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ လေ့ကျင့်ဆောင်ရွက်ပေးရာတွင် ဝတ်စားဆင်ယင်မှု စည်းကမ်းမှအစ နေ့စဉ်ဆောင်ရွက်ရမည့် နိစ္စဓူဝလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။
အလားတူ ရဲတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထု၏ အမြင်ကောင်းမွန်စေရေး တာဝန်ထမ်းဆောင်ချိန်များတွင် အရက်၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများကို တစ်ဦးချင်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။
ယင်းနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည်လိုင်းခန်းအတွင်းရှိ ရဲမေများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
