၁.၁၂.၂၀၂၅.
Translated by Htwe Ko Tun
သီရိလင်္ကာနိုင်ငံမှာ ကယ်ဆယ်ရေးသမားတွေဟာ ပြီးခဲတဲ့ ရက်သတ္တပတ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်းအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့လမ်းတွေရှင်းလင်းဖို့နဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူပေါင်း ငါးသိန်းကျော်ကို အကူအညီများပေးအပ်ဖို့ ဒီဇင်ဘာလ ၁ ရက်မှာ အပြင်းအထန်ကြိုးစားနေခဲ့ကြပြီး မုန်တိုင်း တိုက်ခတ်မှုအတွင်း သေဆုံးသူဦးရေမှာ ၃၅၅ ဦးအထိ မြင့်တက်လာကာ ၃၆၆ ဦး ပျောက်ဆုံးနေတယ်လို့ တရားဝင်စာရင်းဇယားတွေ ဖောလ်ပြခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေပါဝင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါက နိုဝင်ဘာလ ၂၈ ရက် သောကြာနေ့မှာ သီရိလင်္ကာကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ နိုင်ငံတစ်ဝန်း ဆယ်စုနှစ်တစ်ခုအတွင်းအဆိုးဝါးဆုံး ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပြီးအလယ်ပိုင်း တောင်ကုန်းဒေသမှာဆို မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။




Reuters သတင်းဌာနရဲ့ ရုပ်သံလိုင်းတွေက ပြသရာမှာ မြို့တော်ကိုလံဘိုအနီးရှိ ကီလာနီမြစ်ကမ်း တစ်လျှောက် ရေကြီးနေတဲ့ အိမ်တွေမှ လူတွေဟာ ပစ္စည်းများကို ဆယ်တင်နေခဲ့ကြတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ရထားနဲ့ လေယာဉ်ဝန်ဆောင်မှုတွေ ပြတ်တောက်သွားခဲ့ပြီးနောက် အခုအခါမှာ ပြန်လည်စတင်နိုင်ပြီဖြစ်ပေမယ့် ကျောင်းတွေကိုတော့ ပိတ်ထားရဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
မိုးလေဝသအာဏာပိုင်တွေက ရာသီဥတု ခန့်မှန်း ကြေညာချက်တစ်စောင်ထုတ်ခဲ့ရာမှာ “၎င်း (မုန်တိုင်း) သည် ကျွန်းမှဝေးရာ မြောက်ဘက်သို့ ရွေ့လျားပြီး ပိုမိုအားနည်းသွားဖွယ်ရှိသည်”လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ အနူရာ ကုမာရာ ဒစ်ဆာနာယာကီက သီရိလင်္ကာနိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံးနဲ့ စိန်ခေါ်မှုအမြင့်မားဆုံးလို့ နိုဝင်ဘာလ ၃၀ ရက်မှာ ခေါ်ဆိုခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် သီရိလင်္ကာတစ်နိုင်ငံလုံးကို ပထမဆုံးအကြိမ် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရက်သတ္တပတ်အကုန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ လည်း မိုးသည်းထန်စွာရွာသွန်းစေခဲ့ပြီး မိုးနဲ့ဆက်စပ်တဲ့ဖြစ်ရပ်တွေအတွင်း လူသုံးဦးသေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီး ရာမာချန်ဒရန်က နိုဝင်ဘာလ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၁ ရက်မှာတော့ ပြည်နယ်မြို့တော် ချန်နိုင်းမြို့ရဲ့ကမ်းရိုးတန်းမှ ၅၀ ကီလိုမီတာအကွာမှာရှိတဲ့ မုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားနည်းသွားပြီး နောက် ၁၂ နာရီအတွင်း ပိုမိုအားနည်းသွားဖွယ်ရှိတယ်လို့ မိုးလေဝသအရာရှိတွေက ပြောခဲ့ကြပါတယ်။
Ref- CNA
