သက်တန့်
၁. ၁၂. ၂၀၂၅
မြန်မာနိုင်ငံသားသုံးဦးကို လူကုန်ကူးသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားနိုင်ငံအတွင်း လူကုန်ကူးမှုဖြင့် ယနေ့တွင် မလေးရှားနိုင်ငံ၊ ပါလစ်ပြည်နယ်၊ ကန်ဂါးမြို့ရှိ တရားရုံးချုပ်က ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်သည်။
တရားသူကြီး အာရစ် ဆာနူစီ ယီအော့ ဂျိုဟာရီက လူကုန်ကူးမှုတားဆီးရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအား တရားမဝင် ပို့ဆောင်မှုတားဆီးရေး အက်ဥပဒေ ၂၀၀၇ ၏ ပုဒ်မ ၂၆ (က) အရ စွဲချက်ကို မြန်မာနိုင်ငံသား မျိုးဦးလွင်က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ယင်းပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
မျိုးဦးလွင်သည် တရားဝင်အထောက်အထားများမရှိသော မြန်မာအမျိုးသား သုံးဦးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွာလာပါလစ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ လူကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရခြင်း ဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် တရားရုံးက လူကုန်ကူးမှုသည် ပြင်းထန်သည့် ပြစ်မှုဖြစ်ပြီး နောက်နောင်မဖြစ်စေရန်အတွက် ထိန်းသိမ်းရေးပြစ်ဒဏ် ချမှတ်သင့်ကြောင်း ပြောကြားခဲ့သည်။
“ဒီနေရာမှာ လူကုန်ကူးမှုနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားမဝင် ပို့ဆောင်မှု လုပ်ငန်းတွေ တိုးပွားလာနေပါတယ်။ ရှစ်နှစ် ထောင်ဒဏ်က သင့်တော်ပါတယ်” ဟု တရားသူကြီး အာရစ်က ပြောသည်။
ယင်းပြစ်မှုအတွက် အများဆုံး ထောင်ဒဏ်မှာ နှစ် ၂၀ ဖြစ်သည်။ သို့သော် တရားသူကြီးက မျိုးဦးဝင်းသည် အပြစ်ရှိကြောင်း ဝန်ခံခဲ့ခြင်းကြောင့် တရားရုံး၏ အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေခဲ့သည်ဟုဆိုကာ၊ အများဆုံးပြစ်ဒဏ်ဖြစ်သော နှစ် ၂၀ ၏ လေးပုံတစ်ပုံမှ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးသင့်ကြောင်း ပြောကြားခဲ့သဖြင့် ထောင်ရှစ်နှစ်သာ ကျခံခဲ့ရခြင်းဖြစ်သည်။
Ref : FMT
