နေမိုး
၁. ၁၂. ၂၀၂၅
PDF တွေကို ကုသပေးနေတဲ့ CDM ဆရာဝန်အမျိုးသမီးတစ်ဦးကို မင်းကင်း PDF တွေက ခွန်အားသုံးအကြမ်းဖက်ကာ ခွေးလိုဝက်လို လက်ထိပ်ခတ် ဖမ်းဆီးသွားတဲ့အကြောင်း NUG နဲ့ PDF ကို ထောက်ခံတဲ့ Mandalay Free Press နဲ့ အလားတူမီဒီယာတွေက ဒီနေ့ ဖော်ပြလာပါတယ်။
လူသတ်၊ လုယက်၊ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ သစ်တွေ၊ ရွှေတွေ၊ သယံဇာတတွေ ခိုးထုတ်နေတဲ့အပြင် မူးယစ်ဆေးဖြန့်တာ၊ ပြည့်တန်ဆာလုပ်တာအထိပါ ဆိုးသွမ်းလာတဲ့ NUG ရဲ့ နာမည်ပျက်အဖွဲ့တွေဖြစ်တဲ့ ပသုံးလုံးထဲက မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က PDF ခုနစ်ဦးဟာ NUG နဲ့ PDF ကိုယုံလို့ CDM လုပ်လာပြီး PDF တွေကို ကုသပေးနေတဲ့ ဒေါက်တာခင်သူသူလွင်ဆိုတဲ့ ဆရာဝန်အမျိုးသမီးကို မင်းကင်းမြို့နယ်၊ သင်တောရွာကို နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီခန့်အချိန့ လာဖမ်းရာမှာ ဆရာဝန်အမျိုးသမီးက ရုန်းကန်တဲ့အတွက် လာဖမ်းတဲ့ PDF အမျိုးသားတွေက အင်အားသုံးလုံးထွေးပြီး လက်ထပ်နှစ်ခုခတ်ကာ ခြေလက်လေးဖက်ကနေ ကျွဲနွားတွေ ခွေးတွေဝက်တွေ ဖမ်းဆီးသွားသလိုမျိုး ဖမ်းဆီးသွားတာကို MFP က တင်ဆက်လာတဲ့ရုပ်သံမှာ တွေ့ရပါတယ်။
ဒီဖြစ်စဥ်မှာ ဒေါက်တာခင်သူသူလွင်ဟာ မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးအဖြစ်က CDM လုပ်ခဲ့သလို NUG ရဲ့ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဟောင်းလည်းဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းက မင်းကင်း PDF တွေ ရွှေခိုးထုတ်တာကို ဒေသခံတွေ ဆန္ဒပြချိန်မှာ ဒေါက်တာခင်သူသူလွင်က ပါဝင်ဆန္ဒပြခဲ့လို့ မင်းကင်းပလဖက လာဖမ်းတာလို့လည်း ကနဦးသိရပါတယ်။
NUG ကို ယုံကြည်လို့ CDM လုပ်၊ ပအဖမှာ တာဝန်ခံအထိလုပ်ခဲ့သလို လက်ရှိမှာလည်း PDF တွေကို ကုသပေးနေတဲ့ CDM ဆရာဝန်အမျိုးသမီးကို PDF တွေကပဲ ခြေလက်လေးဖက်ကနေ ကျွဲနွားတွေ ခွေးတွေဝက်တွေ ဖမ်းဆီးသွားသလိုမျိုး ဖမ်းဆီးသွားတာကို မင်းကင်းပလဖက ထုတ်ပြန်ရှင်းပြမှုမရှိသလို ဒီပသုံးလုံးဆီက ဆက်ကြေးဝင်ငွေနဲ့ ရပ်တည်ရတဲ့ NUG ကလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။
