၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စပိန်နိုင်ငံဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ် ရာထူးမှနုတ်ထွက်ရေး တောင်းဆိုဖို့ မြို့တော်မက်ဒရစ်မှာ လူအင်အားသောင်းနဲ့ချီလို့ နိုဝင်ဘာလ ၃၀ ရက်က လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
စပိန်နိုင်ငံရဲ့ ရှေးရိုးစွဲအတိုက်အခံ ပြည်သူ့ပါတီ (PP) ကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေက “လုံလောက်ပါပြီ!” နဲ့ “နောက်တစ်ရက် မကူးပါနဲ့တော့!” ဆိုတဲ့ ကြွေးကြော်သံတွေပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ နိုဝင်ဘာလ ၃၀ ရက်မှာ မက်ဒရစ်မြို့မှာ စုဝေးခဲ့ကြပြီး ဆိုရှယ်လစ် ဝါဒီဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ် ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
လူထောင်ပေါင်းများစွာဟာ စပိန်မြို့တော်ရဲ့ လမ်းများပေါ်ကို ချီတက်ခဲ့ကြပြီး ဆန်ချက်ဇ်ရဲ့ လက်ဝဲယိမ်းအစိုးရကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲတွေကို စောစီးစွာ ကျင်းပပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို အတိုက်အခံခေါင်းဆောင် အယ်လ်ဘာတို နျူနက်ဇ် ဖီဂျူရဲ့ PP ပါတီက စီစဉ်ခဲ့တာပါပဲ။ မက်ဒရစ်မြို့လယ် လူထုစုဝေးပွဲမှာ ဆန္ဒပြသမားတွေက “မာဖီးယားလား၊ ဒီမိုကရေစီလား?” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။
ပါဝင်သူတွေဟာ စပိန်အလံတွေကို ဝှေ့ယမ်းပြီး “အခုနုတ်ထွက်ပါ!” နဲ့ “ဆန်ချက်ဇ် ထွက်သွားပါ!” ဆို တဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။ PP က လူအုပ်ကြီး ၈၀,၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာနကတော့ ၄၀,၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ မြို့တော်မှာ ဆန်ချက်ဇ်ကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲဟာ နောက်ဆုံးအနေနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တာပါ။
မြို့တော်ရဲ့ PP ပါတီက မြို့တော်ဝန် ဂျို့စ်လူးဝ မာတီနက်ဇ် အယ်လ်မေးဒါးနဲ့ PP ပါတီရဲ့ ဝန်ကြီးချုပ်ဟောင်း မာရီယာနို ရာဂျွိုင်တို့ကလည်း စုဝေးပွဲမှာ မိန့်ခွန်းပြောခဲ့ကြပါတယ်။
နိုဝင်ဘာလ ၃၀ ရက်က ဆန္ဒပြပွဲဟာ ဆန်ချက်ဇ်အစိုးရရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ဂျို့စ် လူးဝစ် အဘာလိုးစ်နဲ့ ဝန်ကြီးရဲ့ အကြံပေးအရာရှိဟောင်း ကိုလ်ဒို ဂါစီယာတို့ကို ရုံးတင်စစ်ဆေးခြင်းမပြုမီ ဖမ်းဆီးဖို့ တရားရုံးချုပ်က ဆုံးဖြတ် အမိန့်ပေးခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့တာပါပဲ။
“စပိန်နိုင်ငံရဲ့ အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်” လို့ ဆန္ဒပြပွဲ တက်ရောက်သူတစ်ဦးဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဒန်နီယယ်လ် နိုဂွီရာက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက အဆက်မပြတ် မြင့်တက်နေတဲ့ ဈေးနှုန်းတွေကို အလေးပေးပြောကြားခဲ့ပြီး နေထိုင်ရန် နေရာရှာဖွေဖို့က ယခင်ကထက် ပိုပြီးခက်ခဲလာတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ရာထူးတာဝန်ယူခဲ့တဲ့ ဆန်ချက်ဇ်ဟာ ၂၀၂၇ ခုနှစ်မှာ လက်ရှိလွှတ်တော် သက်တမ်းမကုန်ဆုံးခင် ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ သန္နိဌာန် ချထားပါတယ်။
သူ့ကို အားနည်းအောင် ရည်ရွယ်ပြီး လက်ယာယိမ်းပါတီတွေရဲ့ တိုက်ခိုက်မှုတွေကို ဆန်ချက်ဇ်က ရှုတ်ချခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေဟာ သူ့ကို အားနည်းသွားအောင် ရည်ရွယ်တယ်လို့လည်း ပြောခဲ့ပါတယ်။
Ref- DW News


