၁.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ BOC မီးပွိုင့်တွင် လမ်းဘေး၌ တောင်းရမ်းစားသောက်သူမိန်းကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့မှု နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ BOC မီးပွိုင့်တွင် တောင်းရမ်းစားသောက်နေသော အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“ကားကတိုက်ပြီး မောင်းပြေးသွားတယ်။ အတိုက်ခံရတဲ့ကလေးမလေးက နေရာမှာပဲ ခေါင်းပြားပြီးဆုံးသွားတယ်”ဟု သွားရောက်ကူညီသူတစ်ဦးက ပြောသည်။
သေဆုံးသူမိန်းကလေးငယ်၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းတစ်ခုက လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သလို မိန်းကလေးကိုတိုက်ကာ ထွက်ပြေးနေသော ယာဥ်မောင်းကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
“ကလေးတွေကို အန္တရာယ်များတဲ့ ကားလမ်းပေါ်မှာ တောင်းရမ်းခိုင်းတဲ့ မိဘတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ တချို့ကလေးတွေက မိဘကိုကြောက်လို့ တောင်းရတာမျိုးတွေရှိတယ်။ အခုဆုံးသွားတဲ့ကလေးရဲ့မိဘတွေဆို ခြေကောင်းလက်ကောင်း ၊လူလတ်ပိုင်းတွေပဲ ရှိသေးတယ်”ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။
