၁. ၁၂. ၂၀၂၅
Translated by Thettant
မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) မှအပ ကျန်ရှိသည့် နယ်စပ်ဖြတ်ကျော်ဂိတ်များကို ယနေ့မှစ ခုနစ်ရက်တာ ပိတ်လိုက်ပြီဖြစ်သည်။
နယ်စပ်တိုက်ပွဲများသည် ထိုင်းနိုင်ငံဘက်သို့ ကူးစက်လာခဲ့ပြီး မော်တာကျည် ငါးလုံး ထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့သဖြင့် ထိုင်းနိုင်ငံတွင်နေထိုင်သည့် မြန်မာနိုင်ငံသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အတွက် ထိုင်းစစ်တပ်ကို နယ်စပ်လုံခြုံရေးအတွက် နေရာချထားပြီးဖြစ်ပြီး ထပ်မံ၍ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများရှိပါက နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ချက်ချင်းတုံ့ပြန်သွားမည်ဟု ထိုင်းအာဏာပိုင်များက သတိပေးထားသည်ဟု ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုနေရာများသည့် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်၏ တစ်ဖက်ကမ်းတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲသည် KNU ၏ တပ်မဟာ (၆) နှင့် တပ်မတော်၏ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃၀ ရက်) နှင့် တစ်ညလုံး ဆက်လက်ပြင်းထန်ခဲ့ကာ ထိုင်းဘက်မှ အပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများကို ရှင်းလင်းစွာ ကြားနေရသည်။
ထို့အတူ နှစ်ဖက်စလုံးသည် ၆၀ မီလီမီတာနှင့် ၁၂၀ မီလီမီတာ မော်တာကျည်များကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြပြီး မဟာဗျူဟာမြောက်နေရာများကိုလည်း ဖောက်ခွဲဖျက်ဆီးရန် ဒရုန်းများကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့ကြသည်။
တိုက်ခိုက်မှုများ ပြင်းထန်လာသဖြင့် နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များအား အရပ်သားများ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ရန် နရဲစွမ်တပ်ဖွဲ့ (Naresuan Task Force) က ခုနစ်ရက်တာ ပိတ်ရန် အမိန့်ပေးခဲ့ပြီး မဲဆောက်ရှိ ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) တစ်ခုတည်းသာ ပုံမှန်သွားလာခွင့်အတွက် ဖွင့်ထားဆဲ ဖြစ်သည်။
Ref : The Nation Thailand



