၁၇.၁၀.၂၀၂၅
Written by Hey Mar
ဓားဒဏ်ရာတွေနဲ့ ရထားသံလမ်းမှာ သေဆုံးနေတဲ့ လူရွယ်တစ်ဦးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးရတဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သစ္စာမဏ္ဌိုင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
သေဆုံးသူက အသက် ၃၀ ကျော် အရွယ်ဖြစ်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့် (၂) လမ်းထိပ် ရထားသံလမ်းပေါ် ခေါင်းတင်လျက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
ရုပ်အလောင်း သွားရောက်သယ်ယူခဲ့တဲ့ သစ္စာမဏ္ဌိုင်လူမှုကူညီရေးအသင်း တာဝန်ရှိက “သေဆုံးသူက ဓားဒဏ်ရာ ထိုးသွင်းလေးချက်၊ ပြတ်ရှ တစ်ချက်နဲ့ သေဆုံးနေတာပါ။ ရထားသံလမ်းပေါ်မှာ အလောင်းတွေ့တာ။ အဲ့ဒီရထားလမ်းက ရထားတွေ ဖြတ်သန်းအသုံးပြုနေတဲ့ လမ်းပါ။ ရန်ကုန်-မန္တလေး ရထားတွေ အစုန်အဆန် သွားပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ်တွေအပြီးမှာ လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီမူပေးခဲ့ပြီး ဆေးရုံကြီးက PR အမှတ် ၀၁၃ နဲ့ လက်ခံထားရှိကြောင်း သိရှိရပါတယ်။
