၁၇. ၁၀ .၂၀၂၅
Written by Hey Mar
မန္တလေးမှာ ငွေစက္ကူအတုနဲ့ မီနီအိုးဝေငှားခ ပေးရာက ငွေစက္ကူအတု သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ငွေစက္ကူသုံးစွဲသူက အသက် ၂၃ နှစ်အရွယ် ပြည့်စုံဝင်း၊ ပခုက္ကူမြို့နယ်၊ လက်ပံချောင်းကျေးရွာ နေထိုင်သူလို့ သိရှိရပြီး မီနီအိုးဝေ ငှားရမ်းခ ၄၅၀၀၀ ကျပ်ကို ငွေစက္ကူအတုငါးရွက်နဲ့ ပေးချေရာက ငွေစက္ကူအတုတွေဖြစ်ကြောင်းသိရှိကာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်အရ ၎င်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ UNO အမျိုးသား/အမျိုးသမီး အတွင်းခံအဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်းမှာ တစ်လ လုပ်အားခကျပ်နှစ်သိန်းနဲ့ လုပ်ကိုင်ပြီး စက်တင်ဘာလက Moe mar khin အမည်ပါ @ Aungmyat118 Titok အကောင့်နဲ့ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီအချိန်မှာ အကောင့်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ် ၀၉၆၆၂၉၃၅၆၃၂ ကို ပြည့်စုံဝင်းက သူကိုင်ဆောင်တဲ့ ၀၉၉၅၁၆၄၆၃၃၀ ဖုန်းနဲ့ ဆက်သွယ်ကာ ငွေစက္ကူအတုလဲလိုကြောင်းပြောဆိုခဲ့ရာ ငွေစက္ကူအတု ၁၅၀၀၀၀ ကျပ်ကို ငွေ ၅၀၀၀၀ ကျပ်နဲ့ လဲလှယ်ပေးမယ်လို့ ပြန်လည်ပြောဆိုသဘောတူခဲ့ကြပြီး မွန်းလွဲ ၁ နာရီအချိန်မှာ ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်၊ ညဈေးမှတ်တိုင်မှာ ချိန်းဆိုတဲ့အတွက် သွားရောက်ခဲ့ရာ ချိန်းဆိုတဲ့နေရာမှာ အမျိုးသားနှစ်ဦးက ငွေစက္ကူအတု တစ်သောင်းကျပ်တန် ရှစ်ရွက်ကို လိပ်ကာ ပေးခဲ့ကြောင်း၊ ပြည့်စုံဝင်း မှ ငွေ ၅၀၀၀၀ ကျပ်ကိုပြန်လည်ပေးခဲ့ပြီး အောက်တိုဘာ ၁၅ ရက် ည ၆ နာရီအချိန်မှာ “အောင်မင်္ဂလာ”အဝေးပြေးကားဝင်းမှ “ရွှေကချင်” ခရီးသည်တင်ယာဉ်နဲ့ မန္တလေးမြို့ဆီ ထွက်ခွာလာခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်တွမှာ မန္တလေးမြို့၊ “ကျွဲဆည်ကန်” ကားကြီးကွင်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီကနေတစ်ဆင့် ပြင်ဦးလွင်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် မီနီအိုးဝေငှားရမ်းပြီး ထွက်ခွာလာခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၁ လမ်း၊ ၇၉ × ၈၀ လမ်းကြားရှိ “ပုဂံချယ်ရီ” ကားဂိတ်ကို မီနီအိုးဝေ ငှားရမ်းစီးနင်းပြီး ငွေပေးချေရာက အဆိုပါ ကားဂိတ်မှာ ငွေစက္ကူအတု ကိုင်ဆောင်သုံးစွဲသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိ သူတွေက အောက်တိုဘာ ၁၆ ရက်က သွားရောက်ဖမ်းဆီးခဲ့ပြီး ငွေစက္ကူအတု တစ်သောင်းကျပ်တန် ရှစ်ရွက်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ဖမ်းဆီးရမိသူကို မန္တလေးမြို့ အမှတ်(၈) မြို့မရဲစခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ-၁၀၅/ ၁၀၆ အရ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီး ကွင်းဆက်ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။
