၁၇. ၁၀. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးကုန်းကျေးရွာ၌ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံရ၍ ရာအိမ်မှူး တစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် တံတားဦးကုန်းကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးမောင်သန်း(၆၉)နှစ်သည် ရွာလယ်လမ်းအတိုင်း တစ်ဦးတည်း လမ်းလျှောက် ထွက်လာစဉ် အမည်မသိအမျိုးသား တစ်ဦး (စိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ထွက်ပြေးသဖြင့် ဦးမောင်သန်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ကျောက်ဆည်မြို့မရဲစခန်း (ပ)၇၉၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
အမှုမှ သိမ်းဆည်းရမိ သက်သေခံပစ္စည်းများ၏ပိုင်ရှင်အား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘကို(၅၁)နှစ် ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီတွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းမှာ ယခင်က ရာအိမ်မှူး အဟောင်းဖြစ်ပြီး ရာအိမ်မှူးအသစ်ဖြစ်သူ ဦးမောင်သန်းအား မကျေနပ်သဖြင့် ဓားဖြင့် ထိုးခုတ်သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှုမှ ဖမ်းဆီးရမိတရားခံ ဘကိုအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
