၁၇. ၁၀. ၂၀၂၅
Written by Nyein Kyaw

ရွေးကောက်ပွဲအတွက် အဓိကအရေးကြီးသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီအရင်ခံစာကို ယခု အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပြီးဖြစ်ကြောင်း ယခုအခါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီအရင်ခံစာကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ Website www.dop.gov.mm တွင် ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ကြေညာချက်အရ ၂၀၂၄ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ သန်းကျော်သာရှိကာ ပြီးခဲ့သည့် ၁၀ နှစ်ကထက် အနည်းငယ်လျော့ကျခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား တည်ငြိမ်အေးချမ်းမှုမရှိ၍ စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက်ကိုလည်း လူဦးရေပညာအရ စိစစ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“လူဦးရေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေဖို့ရာ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ရွှေ့ပြောင်းခြင်းဆိုတဲ့ အကြောင်းအရင်း ၃ ရပ်ရှိတာမို့ ဒီလိုလူဦးရေလျော့ကျလာခြင်းရဲ့ အဓိကအကြောင်းအရင်းကို ပင်မအစီအရင်ခံစာ ထုတ်ပြန်ချိန်မှာ လေ့လာဖော်ထုတ်သွားမှာဖြစ်ပါတယ်” ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါ အခမ်းအနားတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ လူဦးရေစာရင်းသည် ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်းဖြစ်သည့်အတွက် ယခု ၂၀၂၄ ခုနှစ်စာရင်းအရ သုည ဒသမ ၂ သန်း လျော့ကျခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ ၇ ဒသမ ၇ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းဖြစ်သည်။
ပုံစာ- ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းကို တွေ့ရစဉ်။
