
၁၆.၁၀.၂၀၂၅
Written By Thandar
နာမည်ကြီးအဆိုတော်တော်ကြီးတွေဖြစ်တဲ့ လေးဖြူနဲ့ အငဲတို့အတွက် အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို ရေးစပ်ခဲ့သူ တေးရေးဆရာကြီး သော်ဒီဝေ အသက် ၇၁ နှစ်ဟာ ယနေ့ အောက်တိုဘာ၁၆ ရက် ညနေ ၄ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ အောင်သစ္စာဆေးရုံမှာကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“ကျွန်တော့်အနေနဲ့ ခုရက်ပိုင်းလေးမှာ ကျန်းမာရေးမကောင်းဘူး သိရလို့ အလှူငွေလေး လှူဖြစ်ခဲ့ပါသေးတယ်။ ဒီနေ့မှာ တေးရေးဆရာကြီး သော်ဒီဝေ ညနေ ပြင်ဦးလွင်က အောင်သစ္စာဆေးရုံမှာ ဆုံးသွားတယ်လို့ ဆရာ့ရဲ့ ညီကိုယ်တိုင်က ဆက်သွယ်လာတာမို့ တကယ် သတင်းမှန်ပါ။ တကယ်လည်း တန်ဖိုးရှိတဲ့ တေးရေးဆရာကြီးဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ပါတယ်” လို့ ဂီတမှူး ကိုနိုင်ဇော်က MT Entertainment ကို ပြောပါတယ်။
အသက် ၇၁ နှစ်အရွယ် ဆရာသော်ဒီဝေဟာ နှလုံးရောဂါနဲ့ ဆေးကုသမှုခံယူရင်း အောင်သစ္စာဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
ရော့ခ်သီချင်းပေါင်းများစွာ ရေးစပ်သီကုံးခဲ့သူ တေးရေးဆရာသော်ဒီဝေက သီချင်းတွေရေးသားရုံတင်မဟုတ်ဘဲ ပန်းချီဆရာ ကဗျာဆရာအနေနဲ့ “ဝေချစ်ကို ” ကလောင်နဲ့လည်း စာပေရေးသားခဲ့သူလည်းဖြစ်ပါတယ်။
တေးရေးဆရာ ကဗျာဆရာ ပန်းချီဆရာသော်ဒီဝေ@ဝေချစ်ကို ကွယ်လွန်တဲ့အပေါ် ဂီတအသိုင်းအဝိုင်းက ဝမ်းနည်းကြေကွဲရတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
