
၁၆. ၁၀. ၂၀၂၅
Translated by Thettant
ဘန်ကောက်မြို့၊ နာနားလမ်း (ဆူခွန်ဗစ် ဆွိုင် ၃) ရှိ ဆံသဆိုင်တစ်ခုတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ထံ ပြောကြားပြီးနောက် နိုင်ငံခြားသား ၇ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးအပါအဝင် သံသယရှိသူ ၈ ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မနေ့က ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခန့်တွင် အရပ်ဝတ်ရဲအရာရှိများသည် နာနားလမ်း၌ လမ်းလျှောက်နေစဉ် နိုင်ငံခြားသား ၂ ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့က ရဲအရာရှိများကို “စိတ်ကူးယဥ်ဗိမာန်ကို ပို့ဆောင်ပေးမယ့် ဆေး တစ်ရှိုက်စာ” စာသားပါ ကြော်ငြာစာကို ကမ်းလှမ်းခဲ့သည်။
ထို့နောက် ၎င်းနိုင်ငံခြားသားများက အရပ်ဝတ်ရဲများကို နာနားလမ်းပေါ်ရှိ ငါးထပ်တိုက်၏ အပေါ်ဆုံးထပ်ရှိ ဆံသဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် သံသယရှိသူများက တစ်လုံးလျှင် ဘတ် ၂,၀၀၀ ဖြင့် မူးယစ်ဆေးပြားများကို အရပ်၀တ်ရဲများအား ပြသခဲ့သည်။
ဘန်ကောက်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆာရမ် ဘွန်းဆွမ်းက အဝေးမှနေ၍ အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးကို စောင့်ကြည့်ပြီး မူးယစ်ဆေးဖြန့်နေသူများကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ရာ အသက် ၂၁ နှစ်မှ ၄၁ နှစ်အတွင်းရှိ အမျိုးသား ခြောက်ဦး (ပါကစ္စတန်နှစ်ဦး၊ အီဂျစ်၊ မြန်မာ၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့မှ တစ်ဦးစီ)၊ အသက် ၅၀ အရွယ်ရှိ ထိုင်းအမျိုးသမီး တစ်ဦးနှင့် အသက် ၄၀ အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးကို ဖမ်းမိခဲ့သည်။
ထို့အပြင် စုစုပေါင်း ၃ ဒသမ ၃ ဂရမ် အလေးချိန်ရှိ မက်သဖက်တမင်း (Methamphetamine) လေးထုပ်၊ ၁ ဒသမ ၇ ဂရမ် အလေးချိန်ရှိ ကိုကင်း (Cocaine) နှစ်ထုပ်၊ စပိဒ်ဆေး (Speed pills) နှစ်လုံး၊ အက်တက်စီ (Ecstasy pills) လေးလုံး၊ မှော်မှို (Magic Mushroom) ခုနစ်ထုပ်၊ ဟွတ်ကာ (Hookahs) ၂၃ ခု၊ စနပ်စ် (Snuff) ဘူး ၅၅ ဘူး၊ခိုးသွင်းထားသော စီးကရက် ၁၂၅ ထုပ်၊ ဘဏ်စာအုပ် သုံးအုပ်နှင့် ငွေသား ဘတ် ၁၂၅,၀၀၀ ကိုပါ သိမ်းဆည်းရမိခဲ့သည်။
ထိုဖြစ်စဥ်တွင် သံသယရှိသူ သုံးဦးကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် စွဲချက်တင်ထားပြီး ဖမ်းဆီးရမိသည့် ပါကစ္စတန်နိုင်ငံသား တစ်ဦးကို ဆံသဆရာအဖြစ် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် စွဲချက်တင်ထားသည်။ ထို့အပြင်ကျန်လူများကို တရားမဝင် ဝင်ရောက်မှု၊သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်မှု သို့မဟုတ် တားမြစ်ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် စွဲချက်တင်ထားသည်။
