




၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Chu Cong Phung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်အတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ခရီးသွားကဏ္ဍတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့ တက်ရောက်ကြပြီး ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
