၁၆. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲကျင်းပချိန် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးသဖြင့် မဲရုံတာဝန်ပေးအပ်မှုများ စနစ်တကျဆောင်ရွက်ရန်အပြင် ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းနှင့်ပြည်နယ်အစိုးရများ အနေဖြင့်လည်း လုပ်ငန်းများ မှန်ကန်အောင် စိစစ်ဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် မှာကြားသည်။
ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် တိကျမှန်ကန်သည့် မဲစာရင်းများရရှိစေရေး သန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းများမှန်ကန်မှုရှိစေရေးသည် အရေးကြီးကြောင်း၊ မဲရုံတာဝန်ပေးအပ်မှုများနှင့် ပတ်သက်၍လည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် လုပ်ငန်းများအား မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက မှာကြားသည်။
မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများ ဖြစ်ရန်လိုပြီး အမှန်တကယ်တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မဲဆွယ်ကာလနှင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းများအလိုက် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးအထူး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထား ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနအလိုက်/ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲစာရင်းမှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
