MT News
၁၆. ၁၀. ၂၀၂၅
လွန်ခဲ့သည့် (၁၀) နှစ် တာကာလအတွင်း အားနည်းချက်များ၊ စိန်ခေါ်မှုများ အမျိုးမျိုးရှိခဲ့သဖြင့် NCA ကို ရည်မှန်းထားသည့်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု မရှိခဲ့သဖြင့် အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အောင်မြင်ရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အကြံပြုကြေညာချက်ကို ယနေ့ထုတ်ပြန်သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAOs) တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် (၁၀) နှစ်ပြည့်ခဲ့ ဖြစ်သည်။ NCA ဖြစ်ပေါ်လာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့ ကြသည့် အစိုးရနှင့် EAOs ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဝမ်းမြောက်ခြင်းများစွာဖြင့် ဂုဏ်ယူပါသည်ဟု RCSS ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် လွန်ခဲ့သည့် (၁၀) နှစ် တာကာလအတွင်း အားနည်းချက်များ၊ စိန်ခေါ်မှုများ အမျိုးမျိုးရှိခဲ့သဖြင့် NCA ကို ရည်မှန်းထားသည့်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းအပါ် နှစ်ဦးနှစ်ဖက် သဘောပေါက်လက်ခံပြီး အနာဂတ် NCA အကောင်အထည်ဖော်ဆောင်ခြင်းအား ပူးပေါင်းဆောင်ရွက်သင့်ပြီး အားနည်းချက်နှင့် စိန်ခေါ်မှုများအဖြစ် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်အတိုင်း အကောင်အထည် မဖော်နိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးအတွက် အစိုးရက EAOs များအား ဖိအားပေး၍ လုပ်ဆောင်စေခြင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေဖြင့် စိတ်အားထက်သန်မှုနည်းပါးခြင်းနှင့် တပ်မတော်က တိုင်းပြည်အာဏာအား ထိန်းချုပ်လိုက်သည့်အတွက် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ရပ်တန့်သွားစေခဲ့ခြင်းတို့ကြောင့် NCA အကောင်အထည်ဖော်ခြင်းကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း RCSS က ဆိုသည်။
ထို့အတွက် အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် တပ်မတော်အနေဖြင့် EAOs များနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအား ပြန်လည်ဖော် ဆောင်ရွက်ခြင်း၊ ဆွေးနွေးပွဲ အဆင့် (၁) တွင် တပ်မတော်နှင့် EAOs များဆွေးနွေးပြီး သဘောတူညီချက်များ ဦးစွာရယူခြင်း၊ အဆင့် (၂) တွင် နိုင်ငံရေးပါတီများက ပါဝင်တက်ရောက်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲသို့ နိုင်ငံတကာအား အသိသက်သေများအဖြစ် ပါဝင်တက်ရောက်စေခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်မူကို အဓိကထားပြီး ဆွေးဆွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော်သို့ တင်သွင်း၍ ဥပဒေအဖြစ် အတည်ပြုပြဌာန်းခြင်းနှင့် NCA ၏အနှစ်သာရဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်မှ ဆွေးနွေးခြင်းနည်းလမ်းဖြင့် တွေ့ဆုံအကောင်အထည်ဖော်သွားကြပါရန်လည်း RCSS က တိုက်တွန်းထားသည်။
