◾ အမေရိကန်က ၎င်း၏လက်နက်ရောင်းချရရေး ယူကရိန်းအပေါ် အရင်းအနှီးပြုနေဟုပါဆို
၁၆.၁၀.၂၀၂၅
Translated by Htwe Ko Tunဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဘန်က “ယူကရိန်းစစ်ပွဲက အမှန်အားဖြင့်ဆိုရင် အရင်အချိန်တွေ တည်းက ပြီးဆုံးသင့်နေပါပြီ။ ဒါပေမယ့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီးကို ရန်လိုမှုတွေဖြစ် အောင် သွေးထိုးလှုံ့ဆော်ပြီး အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ စေ့စပ်ညှိနှိုင်းရေး အားထုတ်မှုတွေကို နှောင့်ယှက်နေတဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေကြောင့် စစ်ပွဲကခုထိရှည်နေရတာပါ” လို့ ဟန်ဂေရီ နိုင်ငံထုတ် Mandiner မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ရပ်မှာ ပြောကြားခဲ့တယ်လို့ အောက်တိုဘာလ ၁၆ ရက် သတင်းတွေက ဆိုပါတယ်။
သူက ယူကရိန်း-ရုရှားစစ်ပွဲမှာ ဥရောပသမဂ္ဂ ကသာ ဇယ်လန်စကီးကို နောက်ကွယ်က လှုံ့ဆော်သွေးထိုး မပေးနိုင်ခဲ့ဘူးဆိုရင် အမေရိကန်သမ္မတ ထရမ့်ပ် အနေနဲ့ ဒီစစ်ပွဲအတွက် ငြိမ်းချမ်းရေးကို အရယူနိုင်တာကြာပါပြီလို့လည်း ပြောခဲ့ပါတယ်။
ဟန်ဂေရီဝန်ကြီးချုပ်က“ ခုတော့ ပဋိပက္ခအဆုံးသတ်ဖို့အားထုတ်မှုတွေက မအောင်မြင်ဘဲဖြစ်နေရတယ်။ ဒါကလည်း ဥရောပသမဂ္ဂ အနေနဲ့ သမ္မတထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒကို ဆန့်ကျင်နေကြလို့ပဲ။ သူတို့ ကသာ ထရမ့်ပ်ရဲ့အားထုတ်မှုတွေကို မဆန့်ကျင်ဘဲ တစ်သဘောတည်းရှိကြရင် ဒီစစ်ပွဲမှာ ငြိမ်းချမ်းရေးရတာ ကြာပါပြီ။ ခုတော့ သူတို့မှာက စစ်ရေးမဟာဗျူဟာတစ်ရပ်ရှိတယ်။ စစ်ရေးအစီအစဉ်တစ်ရပ်ရှိနေတယ်။ ဒါကို သူတို့က ပွင့်ပွင့်လင်းလင်း ကြေညာပြီး သမ္မတ ထရမ့်ပ်ကို ငြိမ်းချမ်းရေးစခန်းကနေ စစ်ပွဲဆက်ဖြစ်ပွားနေတဲ့ဘက်ကိုရောက်အောင် ဆွဲသွင်းဖို့ လုပ်ဆောင်နေကြတာပဲ။ အနောက်နိုင်ငံတွေ တစ်ညီတစ်ညွတ်ထဲရှိကြရင် ယူကရိန်း-ရုရှား စစ်မျက်နှာစာမှာ ငြိမ်းချမ်းရေး ဖြစ်လာမှာပါ” လို့ ပြောခဲ့ပြီး ထိုအကြောင်းကို အမေရိကန်သမ္မတ ထရမ့်ပ်နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။
တွေ့ဆုံမေးမြန်းမှုမှာ ယူကရိန်းကို အမေရိကန်က လက်နက်တွေ ပေးပို့တာကို ဘာကြောင့် မရပ်တာလဲ လို့ မေးတဲ့အခါမှာတော့ အော်ဘန်က “အခုဆို ထရမ့်ပ် က ဥရောပကို အမေရိကန်လက်နက်တွေ ရောင်းတယ်၊ အဲဒါတွေကို ယူကရိန်းကို ငွေအမြောက်အမြားနဲ့ ပြန်ရောင်းမယ်။ ယူကရိန်းကို လက်နက်ပို့တာ ဘာလို့မရပ်သလဲဆိုတာ အမေရိကန် သမ္မတကိုယ်စား ကျွန်တော့်မှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ယုံကြည်စွာပြောနိုင်တာတစ်ခုရှိတယ်။ ဒါက အမေရိကန်တွေဟာ ဒီယူကရိန်းကို လက်နက်ပို့မှုအပေါ် အရင်းအနှီးပြုနေကြတယ်ဆိုတာပဲ” လို့ ဖြေခဲ့ပါတယ်။
“အမေရိကန်တွေက ယူကရိန်း-ရုရှားစစ်ပွဲကနေ ဆုတ်ခွာသွားကြပြီ။ သူတို့က ခုဆို စစ်ပွဲအတွက် တစ်ပြားတစ်ချပ်မှ မပေးတော့ဘူး။ ကျွန်တော်တို့ ဥရောပသားတွေမှာတော့ ကံကောင်းလိုက်တာဆိုကြပြီး ကိုယ့် ပိုက်ဆံတွေကို ယူကရိန်းဆီ တိုက်ရိုက်ပို့ရတာနဲ့ ဒါမှမဟုတ် အမေရိကန် လက်နက်တွေဝယ်ပြီး ပို့ပေးရ တာနဲ့ ဖြစ်နေတာ။ အမေရိကန်တွေအဖို့ကတော့ လက်နက်တွေဝယ်လို့ ကျေးဇူးတင်တယ်လို့သာ ကော်ဖီသောက်ရင်း ပြောနေမှာပေါ့” လို့ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်က နောက်ဆုံးပြောသွားခဲ့ပါတယ်။
Ref- Tass
