





၁၃.၁၀.၂၀၂၅
Written By Thandar
အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ ၁၀၅ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၈ ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ နိဗ္ဗာန်ဈေးပွဲတော်မှာ သက်ကြီးကန်တော့ခံပုဂ္ဂိုလ် ၁၃၅ ဦးကို ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြိုနယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာ စည်ကားသိုက်မြိုက်စွာ ပူဇော် ကန်တော့ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယကကြီးတွေ စတဲ့ ကန်တော့ခံပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး “ရုပ်ရှင်အစည်းအရုံးက အတွေ့အကြုံများပြားတဲ့ အနုပညာရှင်များ ဦးဆောင်ပြီး နိုင်ငံတော်က ကျင်းပပြုလုပ်တဲ့ အမျိုးသားအားကစားပွဲတော်တွေ နေ့ကြီးရက်ကြီးတွေ သဘာဝ ဘေးသင့်ချိန်မှာ နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ခဲ့တာတွေ စတဲ့ ငလျင်ဘေးဒဏ်သင့်ချိန်မှာလည်း ပါဝင်ခဲ့ကြတယ်။ ပြည်သူကို စိတ်ခွန်အားပေးခဲ့ ဖျော်ဖြေခဲ့တာတွေ အပါအဝင် ရုပ်ရှင်သဘင်ဂီတ ရန်ပုံငွေကပွဲတွေမှာလည်း ကိုယ့်တက်စွမ်းတဲ့အနုပညာနဲ့ တစ်ဖက်တစ်လမ်းက ဖျော်ဖြေခြင်းတွေ တက်တက်ကြွကြွ လူအင်အား ပူပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြလို့ မှတ်တမ်းတင်ဂုဏ်ပြုရမှာဖြစ်ပါတယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ရုပ်ရှင်လောကသား နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီရန်အောင်၊ အကယ်ဒမီမေသန်းနု၊ တိုင်ရွန်၊ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ အေးချမ်းမောင်၊ခင်လှိုင်၊ ရဲမွန်၊ အကယ်ဒမီနေဝင်း၊ အကယ်ဒမီဆုပန်ထွာ၊ လှမျိုးသဥ္ဇာနွယ်၊ ရတနာဗိုလ်၊ အကယ်ဒမီမေမြင့်မိုရ်၊ အကယ်ဒမီခြူး လေး၊ ဆောင်းယွန်းစံ၊ သျှင်းမြတ် စတဲ့သူတွေကလည်း တက်ရောက် ပူဇော်ကန်တော့ခဲ့ကြပါတယ်။







အနုပညာလောကရဲ့ အလွှာအသီးသီးက အသက် ၇၀ နဲ့အထက် ၄၈ ကြိမ်မြောက်သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်တွေ ၁၃၅ ဦးရှိခဲ့ရာ နေရာအခက်အခဲကြောင့် လာရောက်ကန်တော့ခံ ကြွရောက်လာသူ ၃၅ ဦးတို့ကို ကန်တော့ပစ္စည်းတွေ လှူဒါန်းပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
သက်ကြီးကန်တော့ခံ ပုဂ္ဂိုလ်တစ်ဦးကို ကျပ် ၄ သိန်း ၈ သောင်းကျော်နဲ့ လူသုံးကုန် ဆေးဝါးပစ္စည်းအမျိုးအစား ၆၀ ကျော်ကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ကန်တော့ခံပုဂ္ဂိုလ်တွေကိုလည်း အိမ်တိုင်ရာရောက် ဆက်လက်ကန်တော့သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့ရုပ်ရှင်နေ့ နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်နေ့အစည်းအရုံးဝန်းအတွင်း နိဗ္ဗာန်ဈေး စတုဒီသာ ဆိုင် ခန်းပေါင်း ၄၀ နီးပါးက အနုပညာရှင် ထုတ်လုပ်သူတွေက ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။
