၁၂.၁၀.၂၀၂၅
Written by Hey Mar
သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်အတွင်း မီးသတ်ရေကန်မှာ ငါမျှားရင်း အလယ်တန်းကျောင်းသားနှစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက ပဲခူးတိုင်း၊ ရွှေတောင်မြို့ဈေးအနီးရှိ မီးသတ်ရေကန်မှာဖြစ်ပွားခဲ့တယ်လို့ ရွေတောင် နာရေးကူညီမှုအသင်းထံကနေ သိရပါတယ်။
အဆိုပါမီးသတ်ရေကန်က ရေအနက် ၁၅ ပေကျော်ရှိတဲ့ ကန်လို့ သိရပြီး အောက်တိုဘာ ၁၂ ရက် ညနေ ၃ နာရီခန့်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၂ ဦးဟာ ငါးမျှားရင်း ရေနစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီကျောင်းသားနှစ်ဦးက ရွှေတောင်မြို့ ကြာနီကန် အထက(ခွဲ) ကျောင်းမှာတက်နေသူတွေ ဖြစ်ပြီး ကြာနီကန်ရပ်ကွက်၊ ဒေါနခြံလမ်းနဲ့ ထီးတန်းလမ်းမှာ နေထိုင်ကြသူတွေလို့ သိရပါတယ်။
တစ်ဦးရေနစ်တာကို နောက်တစ်ဦးကဆယ်ရင်း နှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ကာ ရွှေတောင်မြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေက ဖြစ်စဉ်ကိုသိလျင်သိခြင်း ရှာဖွေဆယ်ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး နာရီဝက်အတွင်း ရုပ်အလောင်းတွေရှာဖွေဆယ်ယူနိုင်ခဲ့တဲ့အတွက် ရဲလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရွှေတောင်ဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ ကလေးတွေရဲ့ ရုပ်အလောင်းတွေကို ရင်ခွဲရုံကနေ သူတို့ရဲ့နေအိမ်အသီးသီးဆီ နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး အသုဘရှုနာရေးစီစဉ်လုပ်ဆောင်နိုင်ဖို့ အအေးခန်းအခေါင်းဆင်ခြင်းတွေ ကူညီ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။
