၁၃. ၁၀. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ဘန်ဒါဘန်ခရိုင်ရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသ၌ လှည့်ကင်းလှည့်စဉ် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒါဘန်ခရိုင်၊ နိုင်းခေါင်ချ်ချာရီမြို့နယ်၊ တမ်ဘရူဒေသ၌ ဖြစ်ပွားခဲ့ကြောင်း BGB Ramu ယူနစ်၏ စစ်ဘက်ဆိုင်ရာတပ်မှူး ဗိုလ်မှူးကြီး မိုဟီအူဒင် အာမက်က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူမှာ BGB Cox’s Bazar တပ်ရင်း BGB-34 မှ လန့်စ်နိုက် အာခ်တာ ဟူစိန်ဖြစ်ပြီးဆေးကုသမှုခံယူရန် ရာမူ စစ်ဖက် ပူးပေါင်းဆေးရုံသို့ ပို့ဆောင်ထားသည်။
အာခ်တာသည် မြန်မာနယ်စပ်ရှိ ရီဂျူ အမ်တိုလီနယ်ခြားစောင့်စခန်း (BOP) ၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏ ခြေတစ်ဖက်မှာ ခြေကျင်းဝတ်အထိ ပြတ်တောက်သွားပြီး ကျန်တစ်ဖက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် ရခိုင်လက်နက်ကိုင် AA သူပုန်အဖွဲ့က နယ်စပ်၌ ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ယခင်ကလည်း ထိခိုက်ဒဏ်ရာရခဲ့ဖူးသည်။
အဆိုပါဖြစ်စဉ်များအနက် ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးသည် ကော့ဘဇားရ်ခရိုင်၊ တက်နဖ်မြို့နယ်ရှိ မြန်မာနယ်စပ်အနီး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။ ဇွန်လ ၂၂ ရက်နေ့တွင်လည်း လူငယ်တစ်ဦး နိုင်းခေါင်ချ်ချာရီ နယ်စပ်အနီး၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း နိုင်းခေါင်ချ်ချာရီ၌ပင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆင်ရိုင်းတစ်ကောင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခြေတစ်ဖက် ခြေကျင်းဝတ်အထိ ဆုံးရှုံးခဲ့သည်။
ထိုအတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းကလည်း အကြမ်းဖက်နှစ်ဖွဲ့ဖြစ်သော ရခိုင် AA နှင့် ဘင်္ဂါလီ ARSA အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သောကျည်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဘင်္ဂါလီဒုက္ခသည်တစ်ဦးကို ထိမှန် ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။
Ref , bdnews24.com
