၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ကန်ချနာပူရီပြည်နယ်မှာ စက်တင်ဘာလ ၃၀ ရက်ညက ကားတစ်စီးကို နောက်ယောင်ခံလိုက်ခဲ့ရာမှာ ဆန်ခလာ ပူရီခရိုင်အတွင်း မြန်မာအမျိုးသမီးယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ကားအတွင်းမှာလည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ကိုးဦးကို ပြည့်ကျပ်နေအောင် လိုက်ပါလာတာတွေ့ရကာ ဖမ်းဆီးထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆန်ခလာပူရီခရိုင်နယ်စပ်အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုအနီးမှာ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက တိုယိုတာ Vios အမျိုးအစား၊ ဖစ်ဆန်နျူလော့ခ်မြို့ လိုင်စင်နံပါတ်ပြားပါတဲ့ ကားကို စက်တင်ဘာလ ၃၀ ရက်၊ ည ၈ နာရီခွဲခန့်မှာ ရှာဖွေစစ်ဆေးဖို့ ရပ်တန့်ပေးရအောင် အချက်ပြခဲ့ပါတယ်။
ဒါပေမယ့် ယာဉ်မောင်းက မရပ်တန့်ဘဲ ရုတ်တရက် ဂ ငယ်ကွေ့ပြီး မောင်းပြေးသွားခဲ့ပါတယ်။ ဒီမှာ ရဲတပ်ဖွဲ့က ကားကိုနောက်ယောင်ခံလိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ကန်ချနာပူရီ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ပွန်ချိုင်း ချာလောဒက်က ပြောခဲ့ပါတယ်။
ကားက ဘန်ပရာချီဒီဆမ်အွန် နယ်မြေမှ ထွက်ခွာလာတာလို့ သိရပါတယ်။
ဒိုင်နမို ဆိုင်တစ်ဆိုင်ရှေ့မှာ ကားကို ပိတ်ဆို့ရပ်လိုက်တဲ့အခါမှာတော့ ကားကဆက်မသွားနိုင်တော့ဘဲ ဖမ်းမိခဲ့တာလို့ သိရပါတယ်။ ယာဉ်မောင်းအမျိုးသမီးကို မြန်မာနိုင်ငံသား အသက် ၂၉ နှစ်ရှိ ‘မွန်’ လို့သိရပြီး ကားပေါ်ပါ အမျိုးသားငါးဦးနဲ့ အမျိုးသမီးလေးဦးတို့နဲ့အတူ ဖမ်းဆီးမိခဲ့တာပါ။
စစ်ဆေးမေးမြန်းရာမှာတော မစ္စမွန်က နောင်လူမြို့နယ်အတွင်း နမ့်ကောက်စစ်ဆေးရေးဂိတ်နောက်ဘက် တောအုပ်တစ်ခုကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို သွားရောက်ခေါ်ဆောင်ခဲ့တာလို့ စကားပြန်မှတစ်ဆင့် ဝန်ခံခဲ့ပါတယ်။ မစ္စမွန်က သူတို့ကို ဆန်ခလာပူရီခရိုင်ရှိ နေရာတစ်ခုကိုပို့ ဆောင်ပေးဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်တွေမှာ အလုပ်အကိုင်ရရှိဖို့ မျှော်လင့်ချက်နဲ့ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာကြတာလို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ကြပါတယ်။
အဆိုပါလူကုန်ကူးမှုကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ကားနဲ့ ယာဉ်မောင်းရဲ့ လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ မစ္စမွန်ကိုတော့ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်နေထိုင်သူတွေကို ဖမ်းဆီးမှုက ရှောင်လွှဲဖို့ ကူညီမှုနဲ့ မွန်အား တရားစွဲခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ကိုးဦးကို တရားမ၀င် ဝင်ရောက်မှုနဲ့ တရားစွဲဆိုပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မှာဖြစ်ပါတယ်။
Ref- Bangkok Post
