၁. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်သော မြန်မာဒုက္ခသည်များအား လာမည့် ၁၂ လတာကာလအတွင်း ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနျူတင်ချန်ဗီရာကူလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သလို မြန်မာလုပ်သားများရှိနေသဖြင့် ကမ္ဘောဒီးယားလုပ်သားများ မလိုအပ်ဟုလည်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ဆက်လက်ခွင့်ပြုမထားဘဲ ကမ္ဘောဒီးယားလုပ်သားများကို မိခင်နိုင်ငံဆီ ပြန်လည်ခေါ်ယူထားသော ကမ္ဘောဒီးယားနိုင်ငံကိုလည်း သတင်းစကားပါးလိုက်သည်။

ဝန်ကြီးချုပ်က အောက်တိုဘာ ၁ ရက်မှစတင်၍ မြန်မာဒုက္ခသည်များအား ၎င်းတို့၏ စခန်းများပြင်ပတွင် တစ်နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။ ဤသို့ ခွင့်ပြုပေးခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများကို လိုက်နာခြင်းဖြစ်သလို စည်းမျဉ်းဥပဒေများကို လိုက်နာ၍ အထောက်အကူပြုနိုင်သော ဒုက္ခသည်များအတွက် အခွင့်အလမ်းများ ဖွင့်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေနဲ့ အခြေအနေတွေကို မကျေနပ်သူတွေအတွက်၊ ဒီစည်းမျဉ်းတွေကို လျှော့ပေါ့ပေးလို့ မရပါဘူး။ ဒါက ကျွန်တော်တို့နဲ့ ပြဿနာရှိတဲ့ နိုင်ငံကို ကျွန်တော်တို့ဆီမှာ လုပ်သားရှားပါးမယ်လို့ ယူဆလို့မရဘူးဆိုတဲ့ သတင်းစကား ပေးပို့လိုက်တာပါ” ဟု အနျူတင်က ကမ္ဘောဒီးယားကို ရည်ရွယ်၍ ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
အလုပ်ရှင်များက အလုပ်လုပ်ကိုင်နေသည့် မြန်မာဒုက္ခသည်များကို အလုပ်သမားဥပဒေများနှင့်အညီ စံသတ်မှတ်ထားသော သက်သာချောင်ချိရေးနှင့် အနာဂတ်အတွက် စုဆောင်းငွေ (Provident funds) ရရှိရေးတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက အာမခံခဲ့သည်။
ထိုင်းဝန်ကြီးချုပ်က “ဒီလုပ်သားတွေကို ကာကွယ်ပေးမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တရားဝင် အလုပ်သမားတွေ ဖြစ်လို့ပါ” ဟု ဆိုသည်။
အလုပ်လုပ်ခွင့်ပြုချက်သည် ပြည်နယ်လေးခုရှိ ဒုက္ခသည်စခန်း ကိုးခုတွင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက် အကျုံးဝင်သည်။ ၎င်းတို့သည် မြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်နှင့် အရှေ့ပိုင်းရှိ ပြည်နယ် ၄၃ ခုတွင် အလုပ်လုပ်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ ဒုက္ခသည်စခန်းသုံးခုသည် တာ့ခ်ပြည်နယ်၊ လေးခုသည် မယ်ဟောင်ဆောင်အပြင် ကန်ချနာပူရီနှင့် ရတ်ချာဘူရီတွင် တစ်ခုစီရှိသည်။ အလုပ်လုပ်နိုင်သည့်အရွယ် မှတ်ပုံတင်ထားသော ဒုက္ခသည် ၄၂,၆၀၁ ဦး ရှိသည်။
ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအလုပ်သမား သိန်းနှင့်ချီ၍ ထွက်ခွာခဲ့ကြသည်။ ထိုသို့ ထွက်ခွာခြင်းမှာ ဇာတိနိုင်ငံအစိုးရက ဖိအားပေးခြင်း သို့မဟုတ် ကမ္ဘောဒီးယားရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရမည်ဟု ခြိမ်းခြောက်ခြင်းများကြောင့်ဖြစ်သည်။ ထို့အတွက် နယ်စပ်ပိတ်ထားဆဲ ဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံသား အများအပြားသည် အလုပ်ရှာရန် ထိုင်းနိုင်ငံသို့ ခိုးဝင်ရန် ကြိုးစားနေကြသည်။
Ref, Bangkok Post
