သက်တန့်
၁. ၁၀. ၂၀၂၅
သင်္ဘောသားခုနစ်ဦးပါဝင်သော ရုရှားငါးဖမ်းရေယာဉ်တစ်စင်းသည် ရာသီဥတုကြောင့် လမ်းကြောင်းပျောက်ကာ ရေယာဉ်ပျက်စီးနိုင်မှုနှင့် သင်္ဘောသားများ အသက်အန္တရာယ်ကြုံဆုံချိန် ကယ်တင်ခဲ့သော မြန်မာ့တပ်မတော်(ရေ)အား ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ယနေ့ ကျေးဇူးတင်လွှာ ဖော်ပြလာသည်။
ဖြစ်စဉ်တွင် ရုရှားနိုင်ငံမှ ဘီလင်း (Bilene) အမည်ရှိ ငါးဖမ်းရေယာဉ်၏ ရေယာဉ်မှူး အေ အိုင် မာဇင် (A.I. Murzin) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံရုံးသို့ စာတစ်စောင် ပေးပိုခဲ့လာခဲ့သည်။
မစ္စတာမာဇင်၏စာတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း (Chittagong) ဆိပ်ကမ်းသို့ ခုတ်မောင်းစဉ် ရာသီဥတု ရုတ်တရက် ပြောင်းလဲမှုကြောင့် ငါးဖမ်းရေယာဉ်သည် လမ်းကြောင်းပျောက်ကာ မြန်မာ့ရေပိုင်နက်အတွင်း ကျောက်ဆောင်များဆီ မျောပါသွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထိုအခြေအနေမှာ ရေယာဉ်ပျက်စီးနိုင်ခြေ အလွန်မြင့်မားကြောင်းနှင့် ရေယာဉ်အဖွဲ့သား ခုနစ်ဦး (ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများ) ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို သိရှိနားလည်သည့်အတွက် ငါးဖမ်းရေယာဉ်၏ ရေယာဉ်မှူးနှင့် ရေယာဉ်ပိုင်ရှင်တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ (Myanmar Coast Guard) ထံ အကူအညီတောင်းခံခဲ့ကြသည်။ ထိုနောက် သင်္ဘောအဖွဲ့သားများကလည်း ဖြစ်စဉ်အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးသို့ အကြောင်းကြားခဲ့သည်။
အကူအညီတောင်းခံပြီး နှစ်နာရီအတွင်းမှာပင် မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် UMS 566 သည် မုန်တိုင်းထန်သော ရာသီဥတုအခြေအနေမှာပင် ဘီလင်းရေယာဉ်အား ဆွဲယူ၍ ပြုပြင်ရန်နေရာသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းမှာ မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ပြုပြင်မှုများ ပြီးစီးပြီးနောက် သင်္ဘောသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပိုင်နက်ရေပိုင်နက်မှ ပြန်လည်ထွက်ခွာသွားနိုင်ခဲ့သည်။
ထို့အတွက် ဘီလင်းငါးဖမ်းရေယာဉ်၏ ရေယာဉ်မှူးနှင့် ရေယာဉ်အဖွဲ့သားများက ၎င်းတို့အား ကယ်ဆယ်ရာတွင် ပါဝင်ခဲ့ကြသော မြန်မာ့တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲတို့ အပါအဝင် တာဝန်ရှိသူ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ UMS 566 စစ်ရေယာဉ်အဖွဲ့သားများ ကျန်းမာခြင်း၊ အောင်မြင်မှုကြီးများ ရရှိခြင်းနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွက် အမှုထမ်းရာတွင် ထူးချွန်ပြောင်မြောက်မှုများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပြီး မြန်မာပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကိုလည်း ဆုတောင်းပေးလိုက်ပါသည်ဟု ဖော်ပြထားသည်။
