နေမိုး
၁. ၁၀. ၂၀၂၅
TNLA အကြမ်းဖက် လက်နက်ကိုင်များ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားသော ကျောက်မဲမြို့ကို တပ်မတော်က ယနေ့စတင် အောင်မြေနင်းခဲ့ပြီဖြစ်ပြီး TNLA နှင့် MDY PDF များ ကစဉ့်ကလျား ထွက်ပြေးနေမှုကို လိုက်လံရှင်းလင်းနေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။





ကျောက်မဲမြို့ကို တပ်မတော်စစ်ကြောင်းများက ယမန်နေ့စက်တင်ဘာ ၃၀ ရက်တွင် စတင် ဝင်ရောက် ထိုးဖောက်ခဲ့ပြီးနောက် TNLA နှင့် MDY PDF များ PDF ပူးပေါင်းတပ်များက ဆုတ်ခွာထွက်ပြေးချိန်တွင် မြေလှန်စနစ်ဖြင့် နိုင်ငံနှင့်ပြည်သူပိုင် အဆောက်အအုံများ မီးရှို့ဖျက်ဆီး ထွက်ပြေးခဲ့သည်။ ထိုသို့ မီးရှို့ဖျက်ဆီး ထွက်ပြေးသည်ကိုလည်း TNLA က ဝန်မခံဘဲ တပ်မတော်ဒရုန်းများကြောင့် မီးလောင်ရသည်ဟု လိမ်လည် ထုတ်ပြန်ခဲ့သည်။
TNLA သည် ကျောက်မဲမြို့ကို ယမန်နှစ် ဇွန်လကတည်းက နယ်မြေလုယက်သိမ်းပိုက်ထားခဲ့ပြီး အခိုင်အမာခံစစ်ပြင်ခဲ့သည်။ နယ်မြေဒေသအနေအထားအရ ကျောက်မဲမြို့သည် အကြမ်းဖက်လက်နက်ကိုင်များ အသာစီးရထားသည့်မြို့ဖြစ်သလို ကျောက်မဲမြို့ကို တပ်မတော် ထိန်းချုပ်လိုက်ပါကလည်း သိန္နီ၊ မိုးကုတ်၊ မန်တုံ၊ နမ့်ဆန် စသည့် TNLA လက်မလွှတ်လိုသော အချက်အခြာကျကာ သယံဇာတပေါများသည့် မြို့များ၊ ဌာနချုပ်များ စိုးရိမ်ရသည့်အခြေအနေဖြစ်လာမည်ဖြစ်သဖြင့် အခိုင်အမာခံစစ်ပြင်ခဲ့သည့်ကြားမှပင် တပ်မတော်စစ်ကြောင်းများက မြန်ဆန်စွာ ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်သည်။





တပ်မတော်သည် TNLA ဦးဆောင်ပြီး MDY PDF နှင့် PDF ပူးပေါင်းတပ်များ သိမ်းယူထားသည့် နောင်ချို၊ သပိတ်ကျင်းမြို့များကို ဇူလိုင်လအတွင်း ပြန်လည်သိမ်းယူခဲ့သလို ထိုမြို့များပတ်လည်ရှိ ကျေးရွာများ၊ TNLA စခန်းပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင်မူ TNLA နှင့် MDY PDF များ PDF ပူးပေါင်းတပ်များ၏ အသေအလဲကာကွယ်နေသော ကျောက်မဲမြို့ကိုပါ စတင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းကလည်း တအာင်းပလောင် TNLA အကြမ်းဖက်လက်နက်ကိုင်များက ကျောက်မဲမြို့သိမ်းယူထားသည်ကို မနှစ်မြို့သော ရှမ်းဒေသခံပြည်သူများက မြန်မာ့အလံများ နေအိမ်ရှေ့လွှင့်တင်ကာ TNLA အုပ်စိုးမှုလက်မခံကြောင်း ဆန္ဒပြခဲ့သလို ယခုကဲ့သို့ တပ်မတော်က ကျောက်မဲမြို့ကို မြန်မြန်ဆန်ဆန်သိမ်းယူနိုင်ခဲ့ခြင်းမှာလည်း ကျောက်မဲ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်သည်။





