သတိုး
၁. ၁၀. ၂၀၂၅
ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလတွင် Facebook ပို့စ်တင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ ထုတ်ပြန်ချက်အောက်တွင် လစာမရသည့်ဝန်ထမ်းများကို ငွေကြေးထောက်ပံ့လိုကြောင်း ဝိုင်းဝန်းလှောင်ပြောင်နေသည်ကို တွေ့ရသည်။
အမေရိကန်သံရုံးက ” ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ(lapse in appropriations) တွင် ပုံမှန် လုပ်ငန်းဆောင်တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးသည့်အတွက်ကြောင့် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်များမှအပ ဤ Facebook အကောင့်တွင် အကြောင်းအရာအသစ်များ ထပ်မံတင်မည် မဟုတ်ပါ။ ယခုအချိန်တွင် ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် (passport) နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားပါမည်။ ပုံမှန်လုပ်ငန်းဆောင်တာများ အပြည့်အဝ မဆောင်ရွက်နိုင်သေးသည့် ကာလအတွင်း ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်များမှအပ ဤအကောင့်တွင် အကြောင်းအရာအသစ်များကို မိမိတို့ ထပ်မံတင်မည်မဟုတ်ပါ။ မိမိတို့၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆိုင်ရာ အချက်အလက်များအတွက် travel.state.gov တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။”ဟု ယနေ့ မွန်းတည့်ချိန်က ဖော်ပြခဲ့သည်။
ထိုဖော်ပြမှုကို Aye Chan အကောင့်ပိုင်ရှင်က “ဘတ်ဂျက်မကျသဖြင့် ဖေ့စ်ဘုတ်သုံးခြင်း ခေတ္တရပ်ဆိုင်းမှူဖြစ်ပွား”ဟု လှောင်ပြောင်ခဲ့သလို Lynn Bo Bo အကောင့်ကလည်း “K Pay QR လေးဖြစ်ဖြစ် ပေးထားပါလား”ဟု သရော်ခဲ့သည်။
ထို့အတူ Aung Thet Khaing အကောင့်ကလည်း “AYA PAYကောင်းတယ် ပြောတယ်…အကောင့်လေးဖွင့်ပြီး နံပါတ်ပေးလေ…လွှဲပေးရမလား…”ဟု ဟာသဖောက်ထားသလို Hein Sithu Myo အကောင့်ပိုင်ရှင်ကလည်း “လစာမပေးရင် CDM ကြကွာ” ဟု ခနဲ့ထားသည့်အပြင် Htoo Pyae အကောင့်ပိုင်ရှင်ကလည်း “တရုတ်ကြီးဆီက TikTok ကျတော့ အနိုင်ကျင့်ပြီး အတင်းဝယ်တယ်။ ဒီနိုင်ငံက ရပေါက်မရှိတော့ဘူးထင်တယ်။ Keyboard fingers ဖိုးတောင်ငွေမသုံးတော့ဘူး မှောက်မှောက်” ဟု လှောင်ပြောင်ထားသည်။
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် စက်တင်ဘာလ ၃၀ ရက်၊ ဒေသစံတော်ချိန် ည သန်းခေါင်ယံ(ဂရင်းနစ်စံတော်ချိန် အောက်တိုဘာလ ၁ ရက် နံနက် ၄ နာရီ) မှ စပြီး အမေရိကန်အစိုးရ၏ လုပ်ငန်းတချို့ကို ရပ်ဆိုင်းခဲ့သည့်အပြင် သိန်းနှင့်ချီသည့် အစိုးရအလုပ်သမားများ၏ လစာများကိုလည်း ဆိုင်းငံ့ခဲ့သည်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ရန်ပုံငွေပြတ်တောက်မှုကြောင့် အစိုးရဝန်ထမ်းများကို အစုလိုက်အပြုံလိုက် တာဝန်က ရပ်ဆိုင်း အနားပေးမည်ဟုလည်း ခြိမ်းခြောက်ပြောကြားထားပြီး ထိုသို့အစိုးရအဖွဲ့ရပ်ဆိုင်းမှုမှာ အမေရိကန်ကွန်ဂရက်တွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် အမတ်တွေအကြား အသုံးစရိတ်ဥပဒေကြမ်းအပေါ် သဘောတူညီမှု မရရှိခဲ့ရာမှ လုပ်ငန်းတချို့ ရပ်ဆိုင်းသည့်အမိန့် ထွက်ပေါ်လာခြင်းဖြစ်ကာ၂၀၁၈-၁၉ ခုနှစ်နောက်ပိုင်း အစိုးရလုပ်ငန်းများ ပြန်လည် ရပ်ဆိုင်းမှုလည်းဖြစ်ခဲ့သည်။
