နေမိုး
၁. ၁၀. ၂၀၂၅
ရေးမြို့နယ်တွင် နေအိမ်ရှေ့ရှိနေသည့် ရာအိမ်မှူးနှစ်ဦးကို KNU နှင့် PDF လာရောက်သတ်ဖြတ်လို့ ရာအိမ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ အမှတ်(၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦး(၄၆) နှစ်သည် တစ်ရပ်ကွက်တည်းနေ ရာအိမ်မှူး ဦးသန်း(၅၅)နှစ်နှင့်အတူ ၎င်းနေအိမ်ရှေ့၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်များ” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
